DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ် မည်းမည်းမြင်ရာ အကုန်ပစ်ခတ်တိုက်ခိုက်နေဟု ကုလလူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲပြော
DVB
·
September 28, 2022
မြန်မာစစ်တပ် မည်းမည်းမြင်ရာ အကုန်ပစ်ခတ်တိုက်ခိုက်နေဟု ကုလလူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲပြော
Donate to DVB

မြန်မာစစ်တပ်ဟာ မည်းမည်းမြင်ရာ အကုန်ပစ်ခတ်တိုက်ခိုက်တဲ့ နည်းလမ်းကိုသုံးနေပြီး အခုလိုမိုးရာသီမှာ လေကြောင်းကနေတိုက်ခိုက်တာရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေတာဟာ အရပ်သားတွေနဲ့ မြို့ရွာတွေမှာ ထိခိုက်ဆုံးရှုံးမှုတွေပိုများစေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် ယာယီတာဝန်ယူထားတဲ့   နာဒါအယ်လ်နာရှစ်ဖ်က ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၂၆ ရက်က  ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာကျင်းပတဲ့ ကုလသမဂ္ဂ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ (၅၁) ကြိမ်မြောက်ညီလာခံမှာ  မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေနေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာစစ်တပ်ရဲ့ နိုင်ငံအနှံ့က စစ်ဆင်ရေးတွေဟာ အတိုက်အခံတွေကို ပစ်မှတ်ထားရုံသာမကပဲ အတိုက်အခံတွေကို ထောက်ပံ့နေတယ်လို့ သူတို့သံသယရှိတဲ့ ပြည်သူလူထုကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်တယ်လို့ဆိုပါတယ်။

မကွေး၊ စစ်ကိုင်းနဲ့ ကချင်၊ ရှမ်း၊ ကယား၊ ကရင်၊ ချင်းစတဲ့ ဒေသတွေမှာ အရပ်သားနေအိမ်တွေနဲ့ စာသင်ကျောင်းပေါင်း ၃၀၀၀၀ လောက်ဟာ  စစ်တပ်ရဲ့စစ်ဆင်ရေးတွေမှာ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့အလယ်ပိုင်းမှာလည်း လူမှုကူညီရေးလုပ်ငန်းတွေ ရပ်တန့်ခိုင်းတာအပါအဝင် လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိ စစ်တပ်က တားဆီးထားတာကြောင့် လူပေါင်းများစွာ အငတ်ဘေးနဲ့ ကြုံရမယ့် အခြေအနေလည်းရှိနေပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဌာနရဲ့ မှတ်တမ်းတစ်ခုမှာလည်း စစ်ကိုင်းတိုင်း ရင်ပေါင်တိုင်ရွာကို ဩဂုတ်လ ၁၁ ရက်နေ့မှာ စစ်တပ်က ဂျက်လေယာဉ်တွေ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်ကာ မြေပြင်ကနေစစ်သားတွေက ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ရွာသားပေါင်း ၁၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး လူသားဒိုင်းအဖြစ်အသုံးချတာနဲ့ စစ်တပ်ရဲ့ ပစ္စည်းရိက္ခာသယ်ယူရေးအတွက် ခိုင်းစေတာတွေ ခံခဲ့ရပါတယ်။ ၃ ရက်ကြာပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပြီးနောက်မှာတော့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် သေဆုံးနေတဲ့ ရွာသားတွေကိုတွေ့ရှိခဲ့ကြပြီး အဖမ်းခံခဲ့ရတဲ့ ရွာသား ၂၀ လောက်လည်း ပျောက်ဆုံးနေခဲ့ပါတယ်။

အလားတူ စက်တင်ဘာလ ၁၆ ရက်နေ့မှာ စစ်ကိုင်းတိုင်းအတွင်းက လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေနဲ့ ဆရာ/မ တွေ သေဆုံး ထိခိုက်ဒဏ်ရမှုတွေရှိခဲ့ပါတယ်။

ဒဏ်ရာရနေတဲ့ ကလေးငယ်တွေနဲ့ ဆရာ/မ ၁၁ ဦးကို စစ်တပ်ကခေါ်ဆောင်သွားပြီး အခုချိန်ထိပျောက်ဆုံးနေဆဲဖြစ်ကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။  

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးချိန်နောက်ပိုင်း ကလေးငယ် ၁၈၈ ဦးအပါအဝင် အနည်းဆုံး ၂၃၁၆ ဦးသတ်ဖြတ်ခံခဲ့ရပြီး လုံခြုံမှုမရှိတဲ့ ထိန်လန့်ခြောက်ခြားဖွယ်ရာအခြေအနေတွေကြောင့် အရပ်သား ၁ သန်းကျော်ဟာ အစားအစာ၊ ဆေးဝါးနဲ့ အသက်ရှင်ရေးအတွက် အခြေခံဝန်ဆောင်မှုတွေမရဘဲ ရှောင်ပြေးနေကြရတယ်လို့  နာဒါအယ်လ်နာရှစ်ဖ်က ပြောပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူတွေထဲမှာ အနည်းဆုံးအယောက် ၄၀ ဆယ်က ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တာခံခဲ့ရတာဖြစ်ပါတယ်။ အသက်ရှင်လျက်မီးရှို့ခံရသူရော သတ်ဖြတ်ပြီးမှ မီးရှို့ဖျက်ဆီးခြင်းခံရသူ စုစုပေါင်း ၁၁၁ ဦးရဲ့ မှတ်တမ်းလည်းရှိပါတယ်။ နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ ရာဇဝတ်မှုတွေကို သက်သေဖျောက်ဖျက်ချင်လို့ မီးရှို့ဖျက်ဆီးခဲ့တာတွေ လည်းပါဝင်နိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ တာဝန်ရှိသူက ပြောပါတယ်။ 

မြန်မာစစ်တပ်ဟာ သူတို့ချုပ်ကိုင်ထားတဲ့ တရားရေးကို လက်နက်အဖြစ်အသုံးချပြီး အတိုက်အခံတွေကို သေဒဏ်ပေး ကွပ်မျက်ပါတယ်။

မြန်မာနိုင်ငံသားတွေဟာ အကြောက်တရားနဲ့ မလုံခြုံမှုတွေ မြန်မြန်ဆန်ဆန် မြင့်မားလာနေတဲ့ အခြေအနေကို ရင်ဆိုင်နေရတာကြောင့် ပြင်းထန်ဆိုးရွားတဲ့ ဒီကပ်ဘေးကို ရပ်တန့်ပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပေါ်လုပ်ဆောင်ချက်တွေ ဆောင်ရွက်ဖို့လိုနေပါပြီ ကုလသမဂ္ဂ လူ့အခွင့်ရေးကော်မရှင်နာ  နာဒါအယ်လ်နာရှစ်ဖ်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

အလားတူ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ကတော့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက အခြေအနေတွေဟာ ပိုမိုဆိုးရွားလာနေရာကနေ ထိတ်လန့်ကြောက်မက်ဖွယ် အခြေအနေ ဖြစ်နေပြီလို့ စက်တင်ဘာ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစတင်ကာ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် မြန်မာနိုင်ငံတဝန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၉၈၉,၄၀၀ ဦး အပါအဝင် လူဦးရေ ၁ ဒသမ ၃ သန်းကျော်ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ စက်တင်ဘာ ၁၉ ရက်နေ့အထိ နောက်ဆုံးစာရင်းတွေအရ သိရပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဌာနကတော့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးမှုနဲ့ အကြံပြုချက်တွေကို  ပြင်းထန်စွာ ကန့်ကွက်ပယ်ချကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

Photo- UN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013