DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ အချက်အလက်များ ပြန်လည်ဆွေးနွေး
DVB
·
April 28, 2014
တနိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ အချက်အလက်များ ပြန်လည်ဆွေးနွေး
Donate to DVB

တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးမှာ သဘောတူလက်မှတ်ရေးထိုးရမယ့် အချက်အလက်တွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်ဘက်က အန်စီစီတီလို့ ခေါ်တဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ဝင်တွေ ဒီကနေ့ကစပြီး တွေ့ဆုံဆွေးနွေးနေကြပါတယ်။
ဒီတခေါက်တွေ့ဆုံဆွေးနွေးမှုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ ၂ ရက်တာ ဆွေးနွေးသွားဖို့ ရှိပြီး ဒါဟာ အန်စီစီတီအဖွဲ့ ဖွဲ့စည်းပြီးတဲ့နောက် ၈ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။

[caption id="attachment_55633" align="alignleft" width="300"]ဆွေးနွေးနေစဉ် (ဓာတ်ပုံ - Aung Moe Myint) ဆွေးနွေးနေစဉ် (ဓာတ်ပုံ - Aung Moe Myint)[/caption]

ဒီကနေ့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ အန်စီစီတီအဖွဲ့ရဲ့ ဒုခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက ဒီဗွီဘီကို ခုလိုပြောပါတယ်။

“ယူပီဒဗလျူစီ (ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ) နဲ့ သွားတွေ့တာကို ပြန်သုံး သပ်တယ်၊ နောက်လာမယ့် ဆွေးနွေးပွဲအတွက် ပြန်ဆွေးနွေးတယ်။ ဒီနေ့အဖို့တော့ သုံးသပ်ချက်နဲ့ ကျနော်တို့ မူဘောင်အချက်အလက်နဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေ ဆွေးနွေးတာနဲ့ အချိန်ကုန်သွားတယ်။ သုံးသပ်ချက်ကတော့ တပြည်လုံးအပစ်ခတ်ရပ်ရေးနဲ့ ပတ်သက်ပြီး မူပိုင်းဆိုင်ရာ ကိစ္စတို့၊ ဝေါဟာရဆိုင်ရာကိစ္စတို့၊ နောက်ပြီးတော့ အလုပ်ပိုင်းဆိုင်ရာကိစ္စပေါ့နော် ဒါတွေ သုံးသပ်ပါတယ်။”

တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေဘက်က ပြင်ဆင်တဲ့ အချက်ပေါင်းကတော့ ၉ ချက်ရှိပါတယ်။ အဲဒီထဲမှာ တပ်ပိုင်းဆိုင်ရာကိစ္စ၊ ဆက်ဆံရေးရုံးများ ဆိုင်ရာကိစ္စ၊ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် ကတိပြုခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲခြင်းနဲ့ အတည်ပြုခြင်း၊ အရပ်သားများအား အကာအကွယ်ပေးခြင်း၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ သဘောတူညီခြင်း စတဲ့အချက်တွေ အဓိက ပါဝင်ပါတယ်။

၂ ဘက်စလုံး သဘောတူ လက်ခံနိုင်တဲ့ အချက်အလက်၊ ဆိုလိုရင်းအနက် အဓိပ္ပာယ်၊ ဝေါဟာရအသုံးအနှုန်းတွေပါ ရရှိနိုင်ဖို့ အကြိမ်ကြိမ် ဆွေးနွေးနေတာပါ။

ဒီကနေ့ ဆွေးနွေးပွဲမှာ အစိုးရကိုယ်စားလှယ်တွေနဲ့ မေလလယ်ပိုင်းမှာ တွေ့ဆုံဖို့ အကြမ်းဖျင်း သဘောတူညီချက်ကို ပြန်လည်သုံးသပ်ဖို့ ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ် လက်မှတ်ရေးထိုးနိုင်ဖို့ ခုလိုကြိုးစားနေတဲ့ကြားက ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ်ထဲမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဒီကိစ္စကတော့ အဓိကအားဖြင့် ကေအိုင်အိုနဲ့ အစိုးရကြား ၂ ဘက်ဆွေးနွေးဖို့ဖြစ်ကြောင်း၊ ဒါပေမယ့် အထွေထွေကဏ္ဍမှာလည်း ထည့်သွင်းဆွေးနွေးဖို့ရှိတယ်လို့ ပဒိုစောကွယ်ထူးဝင်းက ဆက်ပြောပါတယ်။

အန်စီစီတီအဖွဲ့ထဲမှာ ပါဝင်နေတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုနိုင်ဖို့ ညှိနှိုင်းနေချိန်မှာ အစိုးရဘက်က စစ်အင်အား သုံးပြီး ပြဿနာဖြေရှင်းဖို့ ကြိုးစားတာကြေင့် ရရှိထားပြီသား နားလည်မှု၊ ယုံကြည်မှုနဲ့ သဘောတူညီမှု အဆင့်တိုင်းကို တစစီပြန်ချေဖျက်သလို ဖြစ်နေမယ့်အကြာင်း ဧပြီလ ၂၃ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်သတိပေးထားပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ အန်စီစီတီ အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၊ ဒုခေါင်းဆောင် ကဒိုစောကွယ်ထူးဝင်းနဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ ဦးဆောင်ပြီး ၁၁ ဦး တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013