DVB Logo
Home
မြန်မာသတင်း
အညာဒေသ တော်လှန်ရေးသူရဲကောင်းများအတွက် တောကျီးကန်းပရောဂျက်တွင် အားလုံးပါဝင် လှူဒါန်းနိုင်
DVB
·
September 27, 2022
အညာဒေသ တော်လှန်ရေးသူရဲကောင်းများအတွက် တောကျီးကန်းပရောဂျက်တွင် အားလုံးပါဝင် လှူဒါန်းနိုင်
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးမှာ ရရာလက်နက်ကို ဆွဲကိုင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ ရှေ့တန်းက တော်လှန်ရေးသူရဲကောင်းတွေကို ထောက်ပံ့ကူညီနိုင်ဖို့အတွက် တောကျီးကန်းပရောဂျက်ကို စက်တင်ဘာ ၂၅ ရက်က စတင်လိုက်ပြီး အညာဒေသက တော်လှန်ရေးအဖွဲ့တွေကို တိုက်ရိုက်ထောက်ပို့သွားမယ်လို့ ထုတ်ပြန်ပါတယ်။

“အညာကို တိုက်ရိုက် ထောက်ပို့မှာပါ… အဖွဲ့တစ်ဖွဲ့ကို တစ်ဖွဲ့ သိန်း ၃၅၀ နှုန်းနဲ့ အဖွဲ့ငါးဖွဲ့ကို အရင် ထောက်ပို့မှာ ဖြစ်ပြီး တခြားသော အညာအဖွဲ့တွေကိုလည်း နှုတ်ခမ်းနီဖိုးနဲ့ အရှည်ဖိုးတွေ ထောက်ပို့ သွားမှာပါ… စစ်အုပ်စုက ဘယ်လိုပဲ အညာကို အညှိုးတကြီး အသဲအမဲ ထိုးစစ်ဆင်လည်း အညာသူ၊ အညာသားတွေကတော့ “အသိုက်ကို ဖျက်ရင် အ သ က် ကို ပြန်ယူဖို့ အသင့်”ပါပဲ… မြေပြင်က လူတွေက နှစ်ခါပြန်မရတဲ့ အသက်ကိုမှ စွန့်ဝံ့သေးရင် ထောက်ပို့သမားတွေကလည်း အားထည့် ကူကြရမှာပဲ မဟုတ်လား… အညာသားတွေမှာ ဗလရော၊ ဇရော ရှိပြီးသားမို့ နှုတ်ခမ်းနီဖိုး၊ အရှည်ဖိုး၊ စက်လက်ဖိုးနဲ့ ဒရုန်းဖိုးတွေသာ လိုတာပါပဲ.. ရက် ၂၀ အတွင်း အားပါးတရ ထပ်ရုန်းကြရအောင်ပါနော်… အညာသွေး ဘယ်လောက်ရဲကြောင်း စစ်ခွေးတွေကို ပြဖို့ မြေပြင်ရဲဘော်တွေက အသင့်ရှိနေပါပြီ။” လို့ ဒီကမ်ပိန်းစီစဉ်သူတွေက ဆိုပါတယ်။

ဒီကမ်ပိန်းကိုတော့ People Of Evolving Myanmar အဖွဲ့နဲ့ Click to Donate အဖွဲ့တို့က ဦးဆောင်တာဖြစ်ပြီး မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံနဲ့ Payment Gateway တွေကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ်ထားခဲ့ကာ လာမယ့် အောက်တိုဘာ ၁၅ ရက်အထိ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကတည်းက ခုချိန်ထိတိုင်အောင် ဥပဒေမဲ့ နိုင်ငံတဝန်း ပစ်သတ်သတ်ဖြတ်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကို ကျူးလွန်နေတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက  နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ၁ နှစ်တာကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁,၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013