DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စု၏ ဆွေးနွေးပွဲများမတက်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တောင်းဆို
DVB
·
September 26, 2022
စစ်အုပ်စု၏ ဆွေးနွေးပွဲများမတက်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တောင်းဆို
Donate to DVB

အကြမ်းဖက်စစ်အုပ်စုဟာ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးဖက်အဖြစ် မထိုက်တန်တာကြောင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီရဲ့ ဆွေးနွေးပွဲတွေကို ဘယ်လိုနည်းနဲ့မှမတက်ကြဖို့ အရပ်ဘက်အဖွဲ့အစည်း ၆၀၀ လောက်က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

စစ်အုပ်စုက ဦးဆောင်ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုတာဟာ သူတို့ရဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေး အကျပ်အတည်းက ထွက်ပေါက်ရှာဖို့အတွက် ကြားခံအသုံးချတဲ့ အတုအယောင်ဆွေးနွေးပွဲပဲဖြစ်သလို စစ်အုပ်စုဟာလည်း နိုင်ငံတွင်းမှာရော နိုင်ငံတကာမှာပါ လုံးဝ တရားမဝင်တဲ့ အကြမ်းဖက်အဖွဲ့အစည်းပဲဖြစ်တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။

စစ်အုပ်စုဟာ ပြည်သူတွေတင်ထားတဲ့ အစိုးရကိုဖမ်းဆီးခဲ့သလို ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ပြီး  အာဏာသိမ်းဖို့ ကြိုးစားတဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ ဒီမိုကရေစီလမ်းစဉ်အရ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြကြတဲ့ ပြည်သူတွေကို ရက်ရက်စက်စက် ဖမ်းဆီး နှိပ်စက်သတ်ဖြတ်နေတဲ့ စစ်အုပ်စုဟာ ပြည်တွင်းဥပဒေတွေအရရော နိုင်ငံတကာ သတ်မှတ်ချက်တွေအရပါ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးတော့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နေ့စဉ် ကျူးလွန်နေတဲ့အဖွဲ့အစည်းဖြစ်ပြီး အာဆီယံဦးဆောင် သဘောတူထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ထားသလို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အစိုးရတွေ၊ အဖွဲ့အစည်းတွေရဲ့ အသိအမှတ်ပြုတာကိုလည်း မရတဲ့အဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဆီယံထိပ်သီးညီလာခံတွေနဲ့ ဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ တက်ရောက်ခွင့်မရဘဲ ဖယ်ကြဉ်ခံထားရပြီး ပိုအားကောင်းလာတဲ့ ပြည်သူလူထုရဲ့ ခုခံတွန်းလှန်မှုကို အန်မတုနိုင်တော့တဲ့ အခြေအနေမှာ ပြည်သူနဲ့ အာဆီယံပါအဝင် နိုင်ငံတကာကို လှည့်စားဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကို အသုံးချပြီး အတုအယောင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဟန်ပြလုပ်နေတာပဲဖြစ်တယ်လို့လည်း အရပ်ဘက်အဖွဲ့အစည်းတွေက ထုတ်ပြန် ပြောဆိုထားပါတယ်။

ဒီဆွေးနွေးပွဲတွေဟာ နွေဦးတော်လှန်ရေးအင်အားစုတွေ၊ ပြည်သူတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေအကြား ခွဲထုတ်ဖြိုခွင်းဖို့ ရည်ရွယ်ချက်သက်သက်နဲ့ လုပ်နေတာလို့လည်း ဆိုပါတယ်။

ဒီဆွေးနွေးပွဲတွေကို တက်ရောက်မယ်ဆိုရင် အကြမ်းဖက်စစ်အုပ်စုကို တရားဝင်သယောင် ဖြစ်စေသလို တကယ့်ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်းရေး ပိုပြီး ကြန့်ကြာစေမယ်လို့လည်း ဆိုပါတယ်။ အဆိုးဆုံးကတော့ အကြမ်းဖက်စစ်အုပ်စုက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆက်ကျူးလွန်ဖို့ အားပေးသလို ဖြစ်စေမယ်လို့လည်း ထောက်ပြထားပါတယ်။

ဒီလိုအကြောင်းတွေကြောင့် အကြမ်းဖက်စစ်အုပ်စုဟာ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး ဆွေးနွေးဖက်အဖြစ် မထိုက်တန်ဘဲ သူတို့ကို မြန်မာ့နိုင်ငံရေးလောကကနေ အပြီးတိုင် ဖယ်ရှားပစ်ဖို့လိုတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဂုဏ်သိက္ခာရှိရှိနဲ့ ကာလရှည်ကြာရပ်တည်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုက ဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲတွေကို လူသိရှင်ကြားဖြစ်ဖြစ်၊ လျှို့ဝှက်ပြီးတော့ဖြစ်ဖြစ် မတက်ရောက်ဘဲ ပြည်သူတွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်ကြဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်း တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013