DVB Logo
Home
မြန်မာသတင်း
မွတ်စလင်များကို ဖိနှိပ်ရင် မြန်မာနိုင်ငံ မအောင်မြင်နိုင်ဟု သမ္မတ အိုဘားမား သတိပေး
DVB
·
April 28, 2014
မွတ်စလင်များကို ဖိနှိပ်ရင် မြန်မာနိုင်ငံ မအောင်မြင်နိုင်ဟု သမ္မတ အိုဘားမား သတိပေး
Donate to DVB

မြန်မာနိုင်ငံမှာ  လူနည်းစု မွတ်စလင်တွေ ဆက်ပြီး ဖိနှိပ်ခံနေရမယ်ဆိုရင်  နိုင်ငံရဲ့  ဒီမိုကရေစီ အပြောင်းအလဲ အောင်မြင်မှာ မဟုတ်ဘူးလို့  အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက ပြောကြားလိုက်ပါတယ်။

[caption id="attachment_55610" align="alignleft" width="300"]10177956_821758927851523_1955785958332626740_n အာဆီယံ ၁၀ နိုင်ငံက လူငယ်ခေါင်းဆောင်များနှင့် သမ္မတ အိုဘားမား တွေ့ဆုံစဉ်[/caption]

မလေးရှားနိုင်ငံမှာ ၃ ရက်တာခရီး ရောက်ရှိနေတဲ့ သမ္မတအိုဘားမားက ဧပြီ ၂၇ ရက်နေ့က မလေးယား တက္ကသိုလ်  (University of Malaya) မှာ   မြန်မာအပါအဝင် အာဆီယံ ၁၀ နိုင်ငံက   လူငယ်ခေါင်းဆောင်  ၁၀၀ ကျော်နဲ့  ၁ နာရီခွဲလောက်ကြာအောင် တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲအတွင်း  မြန်မာလူငယ်တဦးက  မတူကွဲပြားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ရက် အင်တာနက်စာမျက်နှာကနေ ပေးပို့ထားတဲ့မေးခွန်းကို   သမ္မတအိုဘားမားက "နိုင်ငံမှာရှိတဲ့ လူတွေရဲ့  တစိတ်တပိုင်းကို ဘေးဖယ်ထားပြီး ခွဲခြား နှိမ်ချဆက်ဆံမယ်ဆိုရင် ဘယ်နိုင်ငံကမှ အောင်မြင်တဲ့နိုင်ငံ ဖြစ်မှာ မဟုတ်ဘူး။  တကယ်လို့  မလေးရှားမှာ မွတ်စလင်မ ဟုတ်သူတွေအတွက် အခွင့်အလမ်းတွေ ရှိမနေဘူးဆိုရင်  မလေးရှားဟာ အောင်မြင်တဲ့နိုင်ငံ မဟုတ်သလို၊  မြန်မာနိုင်ငံမှာလည်း  မွတ်စလင်တွေ ဖိနှိပ်ခံနေရရင် အောင်မြင်မှာ မဟုတ်ဘူး"လို့ ဖြေကြားသွားပါတယ်။

မြန်မာနိုင်ငံထဲမှာ ရှိတဲ့ မွတ်စလင်လူနည်းစုဟာ  ခုဆိုရင် လူဦးရေ ပိုများလာနေပြီး အစဉ်အဆက် အနှိမ့်ခံရတဲ့အကြောင်း၊  သူတို့ရဲ့ အခွင့်အရေးတွေဟာ အပြည့်အ၀ အကာ အကွယ်ပေး မခံရဘူးလို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။

မြန်မာအစိုးရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကတော့ အစိုးရအနေနဲ့ မွတ်စလင်တွေအပေါ်ခွဲခြားဖိနှိပ်မှုမရှိဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့မှာ ဖိနှိပ်မှုမှ မရှိဘဲနဲ့ ဘာလုပ်စရာရှိသေးလို့လဲ။ အစ္စလာမ်ဘာသာကို ကျနော်တို့မှာ တရားဝင်ဘာသာအဖြစ် အသိအမှတ် ပြုထားတယ်။ အခုဖြစ်နေတဲ့ ပြဿနာတွေက အောက်ခြေမှာ ဖြစ်နေတဲ့ ပြဿနာတွေပဲ။ နိုင်ငံအဆင့် ကျနော်တို့အနေနဲ့ ခွဲခြားဆက်ဆံတာ လုံးဝမရှိဘူး။ မရှိတဲ့အတွက် ကျနော်တို့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း အောင်မြင်တယ်လို့ပဲ ပြောရမှာပေါ့။”

ဒြါ့ပင် မြန်မာနိုင်ငံမှာ ဆယ်စုနှစ်များစွာ အစိုးရရဲ့ ဖိနှိပ်ခံရပြီးနောက် ဒီမိုကရေစီ အပြောင်းအလဲ ဆက်သွားနေတာ အရမ်း အားတက်စရာ ဖြစ်တယ်။ ဒါပေမယ့်   ဘာသာရေးနဲ့ တိုင်းရင်းသားပဋိပက္ခတွေဟာ ဒီမိုကရေစီအပြောင်းအလဲအတွက် အန္တရာယ်ရှိနေပြီး ဒါဟာ မြန်မာနိုင်ငံကို အဆိုးဘက်ကို ဦးတည်သွားနိုင်တယ်လို့လည်း သတိပေးပြောကြားသွားပါတယ်။

အာရှမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးထိန်းသိမ်းဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အကူ အညီ ပေးမယ်လို့လည်း သမ္မတအိုဘားမားက ကတိပေးပြောဆိုပါတယ်။

အမေရိကန်သမ္မတ အိုဘားမားဟာ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှားနဲ့ ဖိလစ်ပိုင် အာရှ ၄ နိုင်ငံကို ခရီးထွက်နေတာဖြစ်ပြီး  ဧပြီ ၂၈ ရက် ဒီနေ့မှာတော့  မလေးရှားနိုင်ငံကနေ  ဖိလစ်ပိုင်နိုင်ငံကို  ခရီးစဉ် အဆုံးသတ်နိုင်ငံအဖြစ် ရောက်ရှိနေပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013