DVB Logo
Home
Lead Story
တိရစ္ဆာန်တွေ (သရော်စာ)
DVB
·
September 25, 2022
တိရစ္ဆာန်တွေ (သရော်စာ)
Donate to DVB

မိုးလေးအေးအေးထဲ အဘစောမူးသာတို့ ယာတဲထဲမှာ အကြမ်းပန်းကန် ကိုယ်စီနဲ့ပေါ့။ ရေနွေးကြမ်းက ပူပူခါးခါး။ အမြည်းကား တစ်ခါမှ မစားဘူးခဲ့သည့်အစားအစာဖြစ်၏။ " ရှဉ့်သား " ဟင်းတဲ့ ခင်ဗျ။

ရွာထဲမှာ ရှဉ့်တွေ အလွန်ပေါ၏။ အုန်းသီးသေးသေးလေးတွေကို ကိုက်ချ၏။  ထန်းသီးထွက်ခါစလေးတွေကို ကိုက်ချ၏။ 

သင်္ဘောသီးတွေကို ဖောက်စား၏။  ငှက်ပျောခိုင်တွေ ဖောက်စား၏။ သရက်သီးတွေကိုက်စား၏။ ကျွဲကောသီးတွေ ကိုက်ဖောက်၏။ မန်ကျည်းသီးစိမ်းတွေ တောင်မှ ကိုက်စား၏။ ချဉ်လှသည့်သံပုရာသီးတွေကိုပင် ကိုက်ဖောက်ပစ်၏။

ခြံစည်းရိုးချင်းဆက်နေသည့် အပင်ချင်းဆက်နေသည့်ရွာမို့ ရှဉ့်တွေအဖို့ တစ်ပင်မှ တစ်ပင်မှသည် တစ်ရွာလုံးအနှံ့တောက်လျှောက် ပြေးလွှားဆော့ကစားကာ စိတ်ကြိုက် ကိုက်ဖြတ် စားသောက် ဖျက်ဆီးနိုင်ကြပေလေ၏။

အဘစောမူးသာ လောက်လေးလေး စွဲကာ လက်ထဲ လောက်စာလုံး လေးငါးခြောက်လုံးပဲဆုပ်၍ ထွက်သွားပြီး ဆယ့်ငါးမိနစ်လောက်ရှိတော့ ရှဉ့်ငါးကောင်ဆွဲကာ ပြန်၍ရောက်ရှိလာပါလေ၏။ သည့်နောက် ရခိုင်ငှက်ပျောသီးအစိမ်းများကို ပါးပါးလှီးကာ ရှဉ့် သားနှင့်ချက်တာ ဖြစ်ပါ၏။

" မြည်းလကွာ ဖေကြီး . . . "

" ပါးစပ်မရဲဘူး ဖြစ်နေတယ် အဘ ရဲ့ "

" ဟားဟား ဟားဟား ဟားဟား "

" ဒါဆိုလည်း ' ရဲ ' သွားအောင် ဒါလေးနဲ့ မျှောချလကွာ "

" ဘာလဲ အဘ "

" မင့်ဘော်ဒါ ဆာကီးလား သူ့ရွာကသယ်

လာတဲ့ ထန်းရည်ချိုအရက်လေကွာ "

" အိုး . . . . . ရက်စ် "

" ဟားဟား ဟားဟား ဟားဟား "

မိုးကလည်း တစိမ့်စိမ့်။ စကားကလည်းပြောလို့ကောင်း။ ဒီရက်ပိုင်း သတင်းတွေကလည်း ထူးခြား။ အယုတ်တမာ စစ်မိစ္ဆာတွေရဲ့ နောက်ဆုံးနေ့တွေလို့လည်း သုံးသပ်နေကြပါတယ် ခင်ဗျ။

" အဲသည် အယုတ်တမာကောင် မအလနဲ့အဖွဲ့ဟာ ' ရှဉ့် ' တွေနဲ့တူတယ်ကွ "

" ဘာဖြစ်လို့လဲ အဘစောမူးသာရဲ့"

" တစ်ရွာလုံးမှာရှိတဲ့ အသီးအနှံမှန်သမျှကို မစားရ မသောက်ရ ကိုက်ကိုက်ချနေ တဲ့ကောင်တွေ ကိုက်ကိုက်ဖျက်ဆီးနေတဲ့ကောင်တွေကွ "

အဘစောမူးသာကော အဘရစ်ချတ်ကော အဘစစ်ပြန်ကြီးလုံးတုံးပါ စာဖတ်နာတဲ့သူတွေဆိုတော့ စာသမားတွေဆိုတော့ သူတို့ရဲ့သုံးသပ်ချက်တွေ ဥပမာအထူးအဆန်းပေး တာလေးတွေကို ဗဟုသုတဖြစ်ဖွယ် နားဆင်ရပါတယ် ခင်ဗျ။

ခုရက်ပိုင်းထဲမှာပဲ မူလတန်းကျောင်းထဲကို စစ်ရဟတ်ယာဉ်တွေပေါ်ကနေပြီး တစ်နာရီလောက်ဝဲပျံကာ အဆက်မပြတ် ပစ်ခတ်ခဲ့တဲ့အတွက် အသက် လေးငါးခြောက်နှစ်အရွယ် လူမမယ်ကလေးလေးတွေ ဆယ့်သုံးလေးယောက် သေဆုံးခဲ့ကြရပါတယ်။ 

ဓာတ်ပုံတွေ ဗီဒီယိုတွေထဲမှာ ကျောင်းစာအုပ်ကလေးတွေနဲ့ လွယ်အိတ်ကလေးတွေနဲ့ စာသင်ခုံလေးတွေနဲ့ မလိုက်ဖက်စွာ သွေးကွက်ကြီးတွေနဲ့ တုန်လှုပ်အံ့သြစရာ ထိတ်လန့်ကြေကွဲစရာ နာကျည်းမုန်းတီးစရာတွေနဲ့ ပြည့်လျှံနေပါတယ်လို့ အဘစောမူးသာက ပြောပြပါတယ်။

အဲသည်လို လူမဆန်စွာ ဒလမန်းကြမ်းကိုပစ်ခတ်တိုက်ခိုက်ခဲ့တာကို မြန်မာ့သတင်းမှန်ဌာနတွေကသာမက ကမ္ဘာ့သတင်းမီဒီယာတွေကပါ အဲသည်အဖြစ်မှန်တွေကို ဖော်ပြခဲ့ကြပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂကပါ အံ့သြတုန်လှုပ်ပြီး ရှုတ်ချပါတယ်လို့ အဘလုံးတုံးတို့ အဘ ရစ်ချတ်တို့ကလည်း ကြေကွဲစွာနဲ့ ဆက်ပြော ကြပါတယ်။

" နောက်တစ်နေ့ကျတော့ ချိုကုတ်ဇော်မဲလုံးတို့ အမေရိကန်နိုင်ငံသား ' မိုးဟောင် ' တို့က ထုံးစံအတိုင်း အတိုင်အဖောက်ညီညီ သူတို့ပစ်တာမဟုတ်ဘူးတို့ PDF တွေရဲ့လက်ချက်ပါတို့ ဆိုပြီး မျက်နှာပြောင်တိုက်ကာ ဗြောင်လိမ်ကြပါသဗျ"

"တမလ ဘွဲ့ရ ' မိုးဟိန်း ' မဟုတ်ဘူးလားမူးသာရ၊ မင်းပြောတာ ' မိုးဟောင် ' တဲ့ "

"ဟားဟား ဟားဟား ဟားဟား . . . မအလ  (-----) မပြီး ပြည်သူကို စွတ် ' ဟောင် ' နေတဲ့ကောင်မိုလို့ ' မိုးဟောင် ' နဲ့ ပိုလိုက်တယ်ဟ လုံးတုံးရ "

" ဟားဟား ဟားဟား ဟားဟား . . . နင်ကတော့ နာမည်အပေးကောင်းတဲ့ကောင်ပဲ "

" ' မိုးဟောင် ' တို့ စွတ်စက်မလေ သူ့တို့အဘ ' မင်းဟောင်လှိုင် ' ပြစ်မှုပိုပိုကြီးလာလေပေါ့ဟ"

" ဟားဟား ဟားဟား ဟားဟား . . . ' မင်းဟောင်လှိုင် ' တဲ့လား . . . လိုက်ဖက်တဲ့နာမည်ပါပဲကွာ၊ သူလည်း အာဆီယံကိုကောကုလသမဂ္ဂအပါအဝင် တစ်ကမ္ဘာလုံးကိုပါ လှည့်ပတ် ' ဟောင် ' နေတာ ကြာလှပေါ့ "

စကားဝိုင်းမှာ ' ရှဉ့် ' မှသည် ' ဟောင်ကောင်' တဖြစ်လဲ ' ခွေး ' သို့ရောက်ရှိကာ ဇာတ်ရှိန်မြင့် လာပါလေ၏။ ဘယ်တိရိစ္ဆာန်နှင့်များ နိဂုံးချုပ်လေမလဲတော့ မပြောတတ်သေးပါ။ စကားဝိုင်းကား မပြတ်သေး။ အဘရစ်ချတ်က ပြုံးစစနှင့် ဝင်ချလာပါ၏။

" မူးသာတို့ တောကြက်ကြီးလုံးတုံးတို့ နင်တို့ ပြောမှပဲ ဟိုကောင်တွေဟာ တိရိစ္ဆာန်ကြီးတွေ လုံးလုံးကို ဖြစ်ကုန်ပါပေါ့လား "

" ဟားဟား ဟားဟား ဟားဟား . . . "

အဘရစ်ချတ်က ဆက်ပြောပါလေ၏။ ဖေ့စ်ဘွတ်ခ် ပေါ်က သူကြိုက်သည့် ' ကဗျာ ' လေး

အကြောင်းပေါ့ ခင်ဗျာ။

" နင်တို့က မအလတွေဟာ ' ရှဉ့်' တွေ 'ခွေး '

တွေနဲ့တူတယ်တဲ့။ အမှန်ကတော့ အဲသည်

ပြည်သူ့ချဉ်ဖတ်စစ်ရာဇဝတ်ကောင်တွေဟာ

' မျောက် ' တွေနဲ့ တူတာကွ "

" လုပ်စမ်းပါအုံး ရစ်ချတ်ရာ . . . ဆိုပါအုံး "

" အေးကွ . . . ဟိုဘက်ရက်က လိုင်းပေါ်

မှာဖတ်ရတဲ့ ကဗျာလေးတစ်ပုဒ်ကို အမှတ်

ရသကွာ "

" ဘယ်သူရေးတဲ့ ကဗျာလဲဟ "

" ဆရာမောင်လှမျိုး (ချင်းချောင်းခြံ) ရေးတဲ့

ကဗျာလေးကွ။ ခေါင်းစဉ်ကတော့ ' အဖျက်

သမား ' တဲ့ "

" အေး . . . ရွတ်ပြစမ်းပါအုံးကွာ "

သို့ဖြင့် ယနေ့စကားဝိုင်းကို အဘရစ်ချတ်၏ ကဗျာရွတ်ဆိုမှုနှင့် အဆုံးသတ်ခဲ့ပါလေတော့ ၏ ခင်ဗျား။

" ဥယျာဉ်ထဲရောက်နေတဲ့

မျောက်တွေထဲမှာ

ဥယျာဉ်မှူး ဖြစ်မယ့်မျောက်

တစ်ကောင်မှမပါဘူး . . .

အကုန်

အဖျက်သမားချည်းပဲ"

ဖေကြီး (လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013