DVB Logo
Home
မြန်မာသတင်း
ပခုက္ကူ မြစ်ဖျားရွာကို စစ်တပ်က ဒုတိယအကြိမ်မီးရှို့၊ အိမ်ခြေစုစုပေါင်း ၁၅၀ ကျော်ဆုံးရှုံး
DVB
·
September 24, 2022
ပခုက္ကူ မြစ်ဖျားရွာကို စစ်တပ်က ဒုတိယအကြိမ်မီးရှို့၊ အိမ်ခြေစုစုပေါင်း ၁၅၀ ကျော်ဆုံးရှုံး
Donate to DVB

ပခုက္ကူမြို့နယ် မြစ်ဖျားရွာကို စက်တင်ဘာ ၂၃ ရက်မနက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက ဒုတိယအကြိမ် မီးရှို့ ဖျက်ဆီးခဲ့ပြီး ၂ ကြိမ်ပေါင်း အိမ်ခြေ ၁၅၀ ကျော် မီးလောင်ခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

ပေါက်မြို့နယ် ပျဥ်းချောင်းဘက်ကလာတဲ့ အင်အား ၂၀၀ လောက်ပါ စစ်ကောင်စီစစ်ကြောင်းဟာ လေးတိုင်ရွာကနေတဆင့် စက်တင်ဘာ ၂၂ ရက်မှာ မြစ်ဖျားရွာကို ဝင်ပြီး ညအိပ်စခန်းချကာ စက်တင်ဘာ ၂၃ ရက် မနက် ၅ နာရီလောက်မှာ စတင်မီးရှို့ခဲ့တာလို့ မြစ်ဖျားကျေးရွာ ဒေသခံက ပြောပါတယ်။

မီးရှို့မှုကြောင့် အိမ်ခြေ ၅၀ လောက်မီးလောင်ခဲ့ပြီး  ဧပြီ ၈ ရက်ကလည်း ပထမအကြိမ် မီးရှို့ခဲ့လို့ အိမ်ခြေ ၁၀၆ လုံး မီးလောင်ခဲ့တာကြောင့် အခုဆို စုစုပေါင်း အိမ် ၁၅၀ ကျော် မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။

မြစ်ဖျားကျေးရွာမှာ အိမ်ခြေ ၄၀၀ ကျော်လောက်ရှိပြီး ပြည်သူ ၂၀၀၀ ကျော်လောက်ဟာ ဘေးလွတ်ရာ တောတောင်ထဲတွေနဲ့ မြို့နယ်ကျော် ကျေးရွာတွေက ဘုန်းကြီးကျောင်းတွေကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေတဲ့ သူတွေကိုတော့ ကျောင်းထိုင်ဆရာတော်ရဲ့ အစီအစဥ်နဲ့ ရွာတွေက ဒေသခံတွေ လှူဒါန်းထားတဲ့ ဆန်၊ ဆီ၊ ပဲတွေနဲ့ စားသောက်နေကြပြီး တောထဲတွေမှာ နေထိုင်ကြရသူတွေကတော့ စားဝတ်နေရေး အခက်ခဲဖြစ်နေတယ်လို့ စစ်ရှောင်တဦးက ပြောပါတယ်။

ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်နေလို့ ကျေးရွာ ၁၀ ရွာ လောက်က ဒေသခံပြည်သူ ၁၀၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး နီးစပ်ရာကျေးရွာတွေက ဘုန်းကြီးကျောင်းတွေနဲ့ တောထဲတွေကို ထွက်ပြေးတိမ်ရှောင် နေကြရတယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ခံက ပြောပါတယ်။

အဲဒီစစ်ဘေးရှောင်ပြည်သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာဝန်ကြီးဌာနတို့ကို ချိတ်ဆက်ပြီး အကူညီအထောက်ပံ့တွေ လုပ်ဆောင် နေသလို အလှူရှင်တွေ လှူဒါန်းထားတာတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီက ရိက္ခာတွေကို ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။

ပ.အ.ဖ တာဝန်ခံက “ဒေသ အခြေနေအရ စစ်ဘေးရှောင်စခန်းတွေ ဖွင့်လှစ်ဖို့ မဖြစ်နိုင်တာကြောင့် နေထိုင်ရေးအတွက် ကြုံသလို ဖြေရှင်းနေရပြီး အဓိက စားနပ်ရိက္ခာတွေ အရေးပေး လိုအပ်နေကာ ကျန်းမာရေး စောင့်ရှောက်မှုတွေကိုတော့ ပခုက္ကူ ပ.အ.ဖရဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေက စောင့်ရှောက်ပေးနေတယ်” လို့ ပြောပါတယ်။

အင်အား ၅၇၀ လောက်နဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ မြစ်ခြေမြို့ ကျွန်းချောင်းဒေသမှာ စက်တင်ဘာ ၁၅ ရက်ကနေ ၂၃ ရက်အထိ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က ၁၄ ယောက် သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MC-KC PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ G3 က ပြောပါတယ်။

သူတို့ ထိုးစစ်ဆင်လာတော့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့ မလွယ်ကူလို့ ချုံခိုတိုက်ခိုက်တာတွေ၊ မိုင်းဆွဲတိုက်ခိုက်တာတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေကို အကြိမ်ရေ ၅၀ ထက်မနည်း ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဥယျာဥ်စုနဲ့စိုင်ဖြူရွာကြားမှာလည်း စက်တင်ဘာ ၁၅ ရက်က အင်အား ၁၈၀ လောက်နဲ့ ထိုးလာတဲ့ စစ်ကြောင်းကို ဒရုန်းတွေ၊ စနိုက်ပါတွေ၊ ဆွဲမိုင်း နဲ့ တိုက်မိုင်းတွေ သုံးပြီးတိုက်ခိုက်ခဲ့တာကြောင့်  စစ်တပ်ဘက်မှာ သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ G3 က ပြောပါတယ်။

မြစ်ခြေ-စဘေကားလမ်းမှာလည်း စက်တင်ဘာ ၂၃ ရက် မနက်ပိုင်းမှာ စစ်ကားတစီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးကာ အများအပြား ဒဏ်ရရာ ရခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ်အခြေနေကို သီးခြား အတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရ သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013