DVB Logo
Home
Lead Story
မိတ်ဆွေကို ရန်သူဖြစ်အောင် မလုပ်နဲ့
DVB
·
September 24, 2022
မိတ်ဆွေကို ရန်သူဖြစ်အောင် မလုပ်နဲ့
Donate to DVB

(၁)

ကျနော့်မှာ CDMဝန်ထမ်းမိတ်ဆွေတချို့ရှိတယ်။ သူတို့အားလုံးဟာ သာမန်ပြည်သူတွေဖြစ်တာ ကြောင့် နိုင်ငံရေးကို ပရော်ဖယ်ရှင်နယ်ဆန်ဆန် သိသူတွေမဟုတ်ပါဘူး။ ဒါ့ကြောင့် သူတို့ရဲ့ CDM လုပ်ရခြင်း ရည်ရွယ်ချက်ကလည်း သိပ်ကိုရိုးရှင်းကြတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ ရွေးကောက်ပွဲမှာ ခွက်ခွက်လန်အရေးနိမ့်ပြီး သူတို့ရိုးရိုးသားသားနည်းနဲ့ အာဏာရဖို့ရာ မဖြစ်နိုင်တော့တာကြောင့် မတရားအာဏာသိမ်းလိုက်တာကို မခံမရပ်နိုင်လို့ CDM လုပ်ကြသူတွေ ဖြစ်တယ်။ ပြောရရင် မတရားအာဏာသိမ်းထားတဲ့ကောင်တွေရဲ့ အောက် အလုပ်ဆက်မလုပ်နိုင်ဘူးဆိုတဲ့ စိတ်။

ပြီးတော့ သူတို့အားလုံးဟာ CDM ဘဝကို ရွေးချယ်လိုက်ရင်ပဲသူတို့ရင်ဆိုင်ရမယ့် လောကဓံကိုလည်း ဆဝါးမိခဲ့ကြတယ်။ ဝန်ထမ်းအိမ်ရာကနေ မောင်းချခံရမယ်။ ရနေကျလစာတစ်ပြားမှရ တော့မှာမဟုတ်တဲ့အပြင် ကံဆိုးခဲ့ရင် အဖမ်းခံ ထောင်ကျမယ်ဆိုတာအထိ သူတို့သိရှိပြီးမှ CDMလမ်းကို ရဲရဲဝံ့ဝံ့လျှောက်ခဲ့ ကြခြင်းဖြစ်တယ်။ ပြီးတော့တော်လှန်ရေးအင်အားစုတွေဆီကနေ ထိထိရောက်ရောက်အကူ အညီရရှိလိမ့်မယ်လို့လည်း သူတို့ မထင်ထားခဲ့ကြတာခြင်း တူကြတယ်။အဲ ဒါကြောင့် CDM ဝန်ထမ်းတွေကို အင်မတန်ခမ်းနားလွန်းတဲ့ တော်လှန်သူတွေလို ကျနော် အလေးအနက်ပြုခဲ့တယ်။

ကျနော့်မိတ်ဆွေတစ်ဦးဆိုရင် အသက် ၅၀ နားအရွယ် အောက်ခြေဝန်ထမ်း အမျိုးသမီးတစ်ဦး။ သူရောသူ့တူမပါ အာဏာသိမ်းပြီး နောက်ရက်ကတည်းက သူတို့အလုပ်ဌာနကို လုံးဝခြေဦးမ လှည့်တော့တဲ့သူတွေ။ အလုပ်ဆင်းဖို့၊ ညှိနှိုင်းဖို့စသဖြင့် သူတို့ဌာနက စာပေးပို့ခဲ့တာ ၃ ကြိမ်။ သူတို့ဌာနက CDM ဝန်ထမ်းအားလုံး လုံးဝ မသွား။ ဖေဖေါ်ဝါရီလကတည်းကပင် လစာမရတော့။ ၂၀၂၁ ဧပြီမှာတော့ သူတို့ဌာနက ပေးထားတဲ့ လိုင်းခန်းကနေ နှင်ထုတ်ခံရလို့ ဘုံပျောက်ကြရတယ်။

“ဆန္ဒပြပွဲတွေကာလတုန်းက ကျွန်မတို့မြို့နယ်က NLDအမတ်တွေက CDM တွေကို ထောက်ပံ့တဲ့ ဆန် နှစ်ကြိမ်ရခဲ့ဖူးတယ်”တဲ့။

အဲဒီဆန် နှစ်ကြိမ်ထောက်ပံ့မှုကလွဲ ဒီနေ့ထိတိုင် တခြားဘာမှမရခဲ့။ အင်မတန်နွမ်းပါးတဲ့ ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ ဈေးပေါပေါနဲ့ ဖြစ်သလိုအိမ်ဌားဘဝ၊ ဖြစ်သလို မိသားစုရပ်တည်ကြရ။ ဘယ်ကနေမှ ပိုက်ဆံရ ပေါက်ရလမ်းမရှိတာသေချာပြီး စားဖို့ ဆန်မရှိတဲ့နေ့တွေမှာ အပေါင်ဆိုင်သွား ထမီပြေးပေါင်ရ။

“ကျမနောင်တလည်းမရဘူး။ ဘာအထောက်အပံ့မှလည်းမမျှော်ကိုးဘူး။ ကျမတို့ တော်လှန်ရေး အောင်တဲ့နေ့မှာ ရုံးကိုရင်ကော့ပြီး ပြန်သွားချင်စိတ်တော့ရှိတယ်” တဲ့။

နောက်တစ်ယောက်က တက္ကသိုလ်ဆရာ။ အစောဆုံး CDM ဝန်ထမ်းဘဝကို ရွေးချယ်ခဲ့ပြီးနောက် လစာလည်းပျောက် ဘုံလည်းပျောက်ဘဝ။ CDMဝန်ထမ်းဘဝမှာ အဖမ်းမခံရဖို့အရေး အိမ် ၁၀ ကြိမ်ပြောင်းခဲ့ရတယ်ဆိုတာသူတို့ မိသားစုဘဝ စိတ်ရောကိုယ်ပါ ဘယ်လောက်ပင်ပန်းကြလေမလဲ။

အခု နယ်မြို့လေးတစ်နေရာမှာ ဖြစ်သလို။ ၁၃နှစ်သား အကြီးဆုံးသားက မိသားစုဝမ်းရေး ပါးစပ်တစ် ပေါက်လျော့လည်း မနည်းဘူးဆိုတဲ့အသိနဲ့ သူ့ဘာသာ ကိုရင်သွားဝတ်နေ။ ကျန်ကလေး ၂ ဦးရဲ့ ပညာရေးက အွန်လိုင်းကသင်ပေးနေတဲ့ ပြည်သူ့ပညာရေးကျောင်းတွေရှိပေမဲ့ တစ်အိမ်လုံးပေါင်းမှ ကီးပက်ဖုန်းအစုတ်လေး တစ်လုံးသာရှိတာမို့ အွန်လိုင်းပညာရေးကို မလိုက်နိုင်။ နေ့စဉ်နဲ့အမျှ မိသားစုထမင်းမငတ်ရေးအတွက် စိတ်ရောကိုယ်ပါ လုံ့လစိုက်နေကြရပေမဲ့ CDM ဘဝကို နောင် တမရ။

“အထောက်အပံ့တွေ ရမယ်ထင်ပြီး ဒီလမ်းကိုရွေးခဲ့တာမဟုတ်ဘူး။ အဲဒီအတွက် ဘာမှမရလည်း ဘာမှ မဖြစ်ဘူး။တော်လှန်ရေး အောင်မြေမနင်းမချင်း ကြံ့ကြံ့ခံမယ်”တဲ့။

(၂)

တလောက ညှိုးငယ်နေတဲ့ သူငယ်ချင်းဆရာမတစ်ယောက်နဲ့ လမ်းမှာတွေ့တယ်။ သူက Non CDM ဆရာမ။ ကိုယ်က မတွေ့တာနည်းနည်းကြာပြီမို့ အားရဝမ်းသာနှုတ်ဆက်လိုက်ပေမဲ့ သူကတော့ ညှိုးငယ်စွာ။ ‘ငါ့ကို ခွင့်လွှတ်ပါဟာ။ ငါဘယ်လိုမှ မတတ်နိုင်လို့ CDM မလုပ်ခဲ့တာပါ။ ငါတစ်ရက်မှ မပျော်ပါဘူး’တဲ့။တကယ့်ကို ဝမ်းနည်းပက်လက်နဲ့။

သူကကျောင်းဆရာမအပျိုကြီး။ ၇၀ ကျော်အရွယ်အမေနဲ့ နှစ်ယောက်တည်းဘဝ။ ဖမ်းဆီးခံရမှာ ကြောက်လို့ CDM မလုပ်ခဲ့သလို ဒီအမေအိုကြီးနဲ့ ပြေးစရာမြေမရှိ။ တခြားအသက်မွေးဝမ်းကျောင်းတစ်ခုခုနဲ့ ရပ်တည်ဖို့ရာမဝံ့။ နယ်မြို့လေးတွေဆိုတာက အကြောင်းသိတွေချည်းမို့ CDM လုပ်လိုက်ပြီး ကိုယ့်အိမ်မှာကိုယ် အတည်ပေါက်ထိုင်နေရင် ကျိန်းသေပေါက် အဖမ်းခံရမှာသေချာ။ အဲဒီလိုအကြောင်းကြောင်းတွေကြောင့် CDM လမ်းကို သူမလှမ်းခဲ့ပေမဲ့ သိပ်သေချာတာတစ်ချက်က သူသည်လည်း ပြည်သူတစ်ဦးအနေနဲ့ အကြမ်းဖက်စစ် အုပ်စုရဲ့ အာဏာသိမ်းမှုနဲ့ ယုတ်မာပက်စက်နေတာတွေကို လုံးဝလက်မခံ။

“ငါအခုကျောင်းသွားရင် ရှက်လွန်းလို့ အဖြူအစိမ်းဝတ်ပြီး မသွားရဲဘူး။ ကျောင်းရောက်မှပဲ အဖြူအ စိမ်းလဲဝတ်တယ်”တဲ့။ သူတို့နယ်မြို့လေးက တိတ်တိတ်ဆိတ်ဆိတ်လေးမို့ အဖြူအစိမ်းဝတ် ကျောင်းသွားလည်း ပြဿနာမရှိပေမဲ့ သူ့အရှက် သူ့သိမ်ငယ်စိတ်ကြောင့် အဲဒီလို။

“ငါ့တပည့်ဟောင်းတွေနဲ့ လမ်းမှာဆုံရင်ငါ CDM မလုပ်မှန်းသိလို့  ငါ့ကို မနှုတ်ဆက်ကြတော့ဘူး။ ဈေးသွားရင် တချို့က CDM လားလို့မေးရင် ငါ့မှာဖြေစရာစကားမရှိဘူး။ ကိုယ့်ဘဝပေးအရရော ကြောက်တာ ကြောင့်ရော၊ မစွန့်စားရဲတာရောပေါ့။ အရမ်းသိမ်ငယ်ရတယ်”တဲ့။

သူ့လို အကြောင်းကြောင်းကြောင့် သိမ်ငယ်စွာနဲ့ ဝန်ထမ်းဆက်လုပ်နေသူတွေ မနည်း။ ပစ်သံခတ်သံ တွေ ခပ်စိပ်စိပ်ကြားနေရတဲ့ ဒေသတွေက Non CDM တွေဆို သိမ်ငယ်စိတ်တင်မက တထိတ်ထိတ်စိတ်ကိုလည်း ငြှိမ်းလို့မရ။ သူတို့ဟာ Non CDM တွေဆိုပေမဲ့ လက်နက်ကိုင်ဌာနတွေနဲ့မသက်ဆိုင်တဲ့ သာမန်ဌာနဝန်ထမ်းတွေ။ ပြည်သူကိုဒုက္ခမပေး၊ စစ်တပ်နဲ့မပတ်သက်။ တော်လှန်ရေးကို အထောက်အကူမပြုသည့်တိုင် တော် လှန်ရေးအကျိူးယုတ်စေတဲ့ အပြုအမူမျိုးမရှိ။ ပြီးတော့ စစ်အုပ်စုကို လက်ခံခြင်းမရှိ။

တချို့အတင့်ရဲတဲ့ Non CDM တွေကျတော့  သူတို့လုပ်ငန်းခွင်နဲ့ဆိုင်တဲ့ စစ်အုပ်စုသတင်းတွေကို ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံ ပေးပို့နေသူတွေ။ ဒီနေ့ခေတ်အသုံးအနှုန်းအရဆို ဖရဲသီးဆိုတဲ့ သူတွေ။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကနေ ဌာနဆိုင်ရာအစုံထိ သူတို့သိထားသမျှ တော်လှန်ရေးအတွက် အရေးပါတဲ့သတင်းတွေကို ပေးပို့နေကြသူတွေ မနည်းလှ။ သူတို့ပေးပို့တဲ့သတင်းတွေက တော်လှန်ရေးအတွက် တန်ဖိုးရှိတာမို့ အရည်ရွှမ်းပြီး ချိုမြနေတဲ့ နီနီရဲရဲ ဖရဲသီးတွေလို့ ဆိုရမယ့်ဖရဲသီးတွေ။ တလောက ၂၀၂၂ ပထမ ၄ လ ပတ် အစည်းအဝေးမှာ မင်းအောင်လှိုင်ပြောခဲ့တဲ့စကား ထိပ်တန်းလျိူ့ဝှက်ချက်စာဖိုင် ပြည်သူ့ပန်းတိုင်အဖွဲ့က ရရှိလိုက် တာဟာ သိပ်ကိုချိုမြနေတဲ့ နီနီရဲရဲ ဖရဲသီးတွေရဲ့ ပေးပို့ချက်ဆိုတာ အသေအချာ။

အဲဒီလို ဖရဲသီး Non CDM တွေက တော်လှန်ရေးအတွက် မရှိမဖြစ်လိုအပ်သူတွေမို့ Non CDM ဘဝနဲ့ မရှိမဖြစ်ဆက်ရှိနေရမယ့်သူတွေဆိုပေမဲ့ သူတို့ရပ်တည်ရတာက တကယ့်ကိုမချောင်။ စစ်အုပ်စုက သိရင် အသက်ပေးရနိုင်တာမို့ ရာနှုန်းပြည့်လျှို့လျှို့ဝှက်ဝှက်။ လိုအပ်လာရင် စစ်အုပ်စုလိုလားသူ ဒေါင်ဒေါင်မြည်တစ်ဦးလို သရုပ်ဆောင်တတ်ရ။ တော်လှန်ရေးအင်အားစုဘက်က အထင်မှားချင်စရာမို့ ဟိုဘက်ဒီဘက် နှစ်ဖက်စလုံး ကို သတိထားနေရတဲ့ အလုပ်မျိုး။

တချို့ Non CDM တွေကတော့ စစ်အုပ်စုဘက်ရပ်တည်ကာ သူတို့အကျိုးစီးပွားရှာရုံတင်မက ပြည်သူကိုပါ ဒုက္ခပေးကြတယ်။ CDM တွေကို ဒုက္ခပေးကြတဲ့ Non CDM တွေရှိတယ်။ မသိချင်ယောင်ဆောင်လို့ရရဲ့သားနဲ့ CDM တွေကို ကိုဗစ်ချေးငွေလိုဟာမျိုး မရမက ဖိအားပေးဆပ်ခိုင်းတာတွေရှိတယ်။ စစ်တပ်နဲ့ပေါင်း၊ သတင်းပေးလုပ် အကျိုးစီးပွားရှာ။ တချို့အုပ်ချုပ်ရေးမှူးတွေဆို စစ်တပ်နဲ့ပေါင်းပြီး တော်လှန်ရေးအင်အားစု ဖြိုခွင်းရေးမှာ သိပ်တက်ကြွကြ။ တချို့ဆို အုပ်ကြီးလည်းသူ၊ ပျူစောထီးလည်းသူအဖြစ် ထောင်ထောင်လွှားလွှား။

(၃)

အခုတလော Non CDM တွေ အလင်းဝင်ကြဖို့ NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလက်အောက်ခံ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တချို့က ကြေညာချက်ထုတ်ပြန်လာတာကို တွေ့ရတယ်။ သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာ CDM တွေကို အနှောက်အယှက်ပေးခြိမ်းခြောက်သူတွေနဲ့ စစ်အုပ်စုကိုအထောက်အပံ့ပြုနေတဲ့ လက်ကိုင်တုတ် Non CDM တွေကို ပြင်းထန်စွာ အရေးယူမယ်လို့ဆိုတယ်။ အဲဒါက ဖြစ်သင့်ဖြစ် ထိုက်တဲ့အရေးယူမှုဖြစ်ပြီး လက်ရှိမှာလည်း တော်လှန်ရေးအင်အားစုတွေက ရှင်းလင်းနေတာတွေ့ရတယ်။

ဒါပေမဲ့ Non CDM တွေချွင်းချက်မရှိ အလင်းဝင်ဖို့ ဆိုတာကျတော့ မေးခွန်းထုတ်ချင်စရာ။ စစ်အုပ်စု လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ စစ်တပ်နဲ့ ရဲတို့ဟာ  ချွင်းချက်မရှိ အလင်းဝင်ဖို့ လိုအပ်ပေမဲ့ အဓိက ပြဿနာကြီးမဟုတ်တဲ့ တခြားသာမန်ဝန်ထမ်းတွေကို CDM လုပ်ကိုလုပ်ရမယ်လို့ ဖိအားပေးခြင်းဟာ သဘာဝကျ၊ မကျစဉ်းစားရမှာပါ။

CDM လုပ်ပါလို့ တောင်းဆိုမယ်ဆိုရင် CDM လုပ်မယ့်ဝန်ထမ်းတွေအတွက် NUGအစိုးရအနေနဲ့ ထိုက်သင့်တဲ့တာဝန်ယူမှုရှိရပါမယ်။ ဥပမာ-စစ်ကိုင်းတိုင်းထဲက လက်ရှိ Non CDM တွေ CDM လုပ်မယ်ဆိုရင်သူတို့ရဲ့ မိသားစုအသက်အန္တရာယ်လုံခြုံရေးကို ဘယ်သူက ဘယ်လို တာဝန်ယူပေးနိုင်မှာလဲ။ ပြီးတော့ မိသားစုလိုက် နေစရာနဲ့စားစရာပြဿနာက တစ်ပတ်၊ ၁၀ရက်မဟုတ်တဲ့အတွက် ဘယ်သူက အတိုင်းအတာ ဘယ်၍ဘယ်မျှ တာဝန်ယူပေးနိုင်မှာလဲ။ 

NUG ဟာ အစိုးရတစ်ရပ်ဖြစ်ခြင်းကြောင့် တခြားCDM တွေလည်း သူတို့ဘာသာ တာဝန်ယူနေကြတာပဲလို့ လက်လွတ်စပယ်ဖြေခွင့်မရှိတာ သေချာပါတယ်။ အဓိကမကျတဲ့ ပဋိပက္ခတွေကို ပေါက်ဆိန်နဲ့ လျှောက်မထွင်းမိဖို့လည်းလိုပါတယ်။ လက်ရှိ Non CDMတွေက စစ်တပ်နဲ့မပေါင်းတာသေချာတဲ့ Non တွေကို ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာပုံစံမျိုး နှစ်ဖက်အကျိုးရှိစေမယ့်လမ်းမျိုး ဖောက်နိုင်ဖို့လိုပါမယ်။ Non CDM တွေနဲ့ပတ်သက်ပြီး အကန့်လိုက်စဉ်းစားကာ ရှင်းလင်းခိုင်မာတဲ့ ပေါ်လစီတစ်ရပ်အောက်ခြေအဆင့်ထိ ချထား ပေးဖို့လိုပါမယ်။

ဆရာဒဂုန်တာရာရဲ့ နာမည်ကျော်စကားတစ်ခွန်းရှိပါတယ်။ ‘နိုင်ငံရေးဆိုတာ ရန်သူကိုမိတ်ဆွေဖြစ် အောင်လုပ်တာ’လို့ ဆိုပါတယ်။ ရန်သူကို မိတ်ဆွေဖြစ်အောင် မလုပ်နိုင်ခဲ့ရင်တောင် မိတ်ဆွေကို ရန်သူဖြစ် အောင် မလုပ်မိဖို့ လိုပါလိမ့်မယ်။

လင်းခေတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013