DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံအခြေအနေ ထိတ်လန့်ကြောက်မက်ဖွယ် ဖြစ်နေပြီဟု ကုလအထူးကိုယ်စားလှယ် ပြော
DVB
·
September 22, 2022
မြန်မာနိုင်ငံအခြေအနေ ထိတ်လန့်ကြောက်မက်ဖွယ် ဖြစ်နေပြီဟု ကုလအထူးကိုယ်စားလှယ် ပြော
Donate to DVB

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက အခြေအနေတွေဟာ ပိုမိုဆိုးရွားလာနေရာကနေ ထိတ်လန့်ကြောက်မက်ဖွယ် အခြေအနေ ဖြစ်နေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က စက်တင်ဘာ ၂၁ ရက်နေ့မှာ ပြောပါတယ်။

“တကယ်လို့သာ ဒီပြဿနာကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက စုပေါင်းပြီး တကယ်ထိရောက်မယ့် နည်းလမ်းနဲ့ ဝိုင်းဝန်းမဖြေရှင်းကြဘူးဆိုရင် မြန်မာနိုင်ငံသားတွေဟာ ဒီထက်ပိုပြီး နစ်နာကြရဖို့ရှိတယ်ဆိုတာ ကျနော့်ရဲ့ အစီရင်ခံစာတိုင်းမှာ ဖော်ပြခဲ့ပြီး ဖြစ်တယ်” လို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က လူ့အခွင့်အရေးကောင်စီမှာ မစ္စတာအန်ဒရူးစ်က ပြောခဲ့တာပါ။

မြန်မာနိုင်ငံက လူပေါင်း ၁ ဒသမ ၃ သန်းဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အိမ်ပေါင်း ၂၈,၀၀၀ ကျော် ဖျက်ဆီးခံခဲ့ရ၊ ရွာတွေ မီးရှို့ဖျက်ဆီးခံခဲ့ရတာ၊ ကလေးငယ်ပေါင်း ၁၃,၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ အကြောင်းနဲ့ အပြစ်မဲ့ပြည်သူတွေ သေဆုံးမှုတွေ ပိုမိုများပြားလာကြောင်း မစ္စတာအန်ဒရူးစ်က  ဆိုပါတယ်။ 

ယာယီဒုက္ခသည်စခန်းတွမှာ ရောက်နေတဲ့ ရိုဟင်ဂျာ ၁ ဒသမ ၃ သန်းကျော်ဟာ နိုင်ငံသားအထောက်အထား မရှိတာကြောင့် ခွဲခြားဆက်ဆံခံရတာ၊ အစာရေစာ မလောက်ငတာတွေနဲ့ ရင်ဆိုင်နေရတဲ့ အကြောင်းတွေကိုလည်း မစ္စတာအန်ဒရူးစ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“အရိုးရှင်းဆုံးပြောရရင် ဒီပြဿနာပေါ်မှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တုံ့ပြန်ပုံကို မြန်မာနိုင်ငံသားတွေက တော်တော်ကို စိတ်ပျက်နေကြပြီ။ ဒီရက်စက်ကြမ်းကြုတ်တဲ့ တရားမဝင် စစ်ကောင်စီအပေါ် ဝင်ငွေဖြတ်တောက်ရေး၊ လက်နက်မရရှိနိုင်အောင် တာဆီးပိတ်ဆို့ရေးနဲ့ သူ့ (မြန်မာစစ်တပ်) ကို တရားဝင်အဖြစ် အသိအမှတ်မပြုရေး ကိစ္စတွေကို အဖွဲ့ဝင်နိုင်ငံတွေက ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အပေါ် မြန်မာနိုင်ငံသားတွေက အားမလိုအားမရ စိတ်ပျက်နေကြပြီ” လို့ ပြောပါတယ်။

အဲဒါအပြင် မြန်မာနိုင်ငံသားတွေကို ထောက်ခံအားပေးပါတယ်လို့ ပြောခဲ့တဲ့ နိုင်ငံတွေကလည်း သူတို့စကားနဲ့အညီ အမှန်တကယ် ထိထိရောက်ရောက် မကူညီခဲ့တဲ့အပေါ် အတော်ကို စိတ်ပျက်နေကြပြီး လူထုရဲ့ အယုံအကြည်ကင်းမဲ့မှုက အမြင့်ဆုံးကို ရောက်နေပြီလို့ ပြောပါတယ်။

မြန်မာစစ်တပ်ဟာ အရပ်သားတွေအပေါ် လူသတ်မှု၊ မုဒိမ်းကျင့်မှု၊ နှိပ်စက်ညှဉ်းပန်းမှုတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေပြီး စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ဥဒေတွေကို ချိုးဖောက်နေပါတယ်။ ပဋိပက္ခတွေဟာ တနိုင်ငံလုံးအနှံ့ ပြန့်ပွားလာနေပြီး တော်လှန်ရေးအတွက် လက်နက်ကိုင်သွားတဲ့ အရပ်သားတွေလည်း ပိုမိုများပြားလားတယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီအရေးလှုပ်ရှားသူ အင်အားစုတွေနဲ့ ပူပေါင်းတယ်လို့ သံသယရှိတဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်လို့မရအောင်လည်း စစ်တပ်က ပိတ်ဆို့ထားတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်နေကြောင်းနဲ့ ရှင်သန်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ အစားအစာနဲ့ ဆေးဝါးမရရှိဘဲ ထွက်ပြေးနေကြရတဲ့ အပြစ်မဲ့ အရပ်သားတွေလည်း အရေအတွက်မပြောနိုင်အောင် အများအပြားရှိနေကြောင်း မစ္စတာအန်းဒရူးစ်က ပြောပါတယ်။

နိုင်ငံတကာက အကူအညီတွေ မပေးနိုင်ခဲ့တဲ့ အခြေအနေအရ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ပထမဦးဆုံးနဲ့ အရေးကြီးဆုံးအဖြစ် စစ်တပ်အတွက် ငွေဝင်လမ်းကြောင်းမရှိအောင်၊ လက်နက်တွေမရရှိအောင်၊ မြန်မာပြည်သူတွေကို တိုက်ခိုက်ပြီး ဒီမိုကရေစီ လိုလားတောင့်တမှုကို ဖျက်ဆီးဖို့အတွက် စစ်တပ်က လိုချင်နေတဲ့ တရားဝင်မှုကိုလည်း မရရှိအောင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက မြန်မာစစ်တပ်ကို ဝိုင်းဝန်းဖိအားပေး ပိတ်ဆို့ကြရမယ်လို့ ဆိုပါတယ်။

“တမ္ဘာလုံးက သူတို့ကိုမေ့ထားတယ်၊ ဒါမှမဟုတ် သူတို့ကို ဂရုမစိုက်ဘူးလို့ မြန်မာနိုင်ငံသားတွေက သတ်မှတ်ထားကြပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မယ့် လုပ်ရပ်တွေကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ဘာလို့မလုပ်ကြတာလဲလို့ ကျ‌နော့်ကို သူတို့မေးကြတယ်။ ကျနော့်မှာ ဖြေစရာမရှိဘူး” လို့ မစ္စတာအန်းဒရူးစ်က ပြောပါတယ်။

လူအခွင့်အရေးကောင်စီဟာ ကုလသမဂ္ဂရဲ့ တရားရေးစိတ်ဝိညာဉ်ဖြစ်တယ်လို့ သတ်မှတ်ထားကြတာနဲ့အညီ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အလုပ်မဖြစ်တော့တဲ့ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ မူဝါဒအပေါ်မှာ ပြန်လည်သုံးသပ်ပြီး သူတို့ရဲ့ အသက်အတွက်၊ သူတို့ရဲ့ ကလေးတွေအတွက်၊ သူတို့ရဲ့အနာဂတ်အတွက် တိုက်ပွဲဝင်နေကြသူတွေဘက်က ရပ်တည်ဖို့အတွက် နည်လမ်းအသစ်တွေ ဖော်ဆောင်ကြဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို မစ္စတာအန်းဒရူးစ်က ပန်ကြားတောင်းဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013