DVB Logo
Home
မြန်မာသတင်း
လဂတ်ယန်စခန်းက ဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ တပ်ရင်းမှူး ပြော
DVB
·
April 27, 2014
လဂတ်ယန်စခန်းက ဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ တပ်ရင်းမှူး ပြော
Donate to DVB

ကချင်ပြည်နယ် လဂတ်ယန်ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ စစ်ရှောင် ရွာသူရွာသားတွေကို အစိုးရစစ်တပ်က အရာရှိတွေက နေရပ်ကို အတင်းအကြပ် ပြန်ဖို့ ပြောဆိုခဲ့တယ်လို့ ဒုက္ခသည် အကူအညီပေးရေး အဖွဲ့နဲ့ စခန်း တာဝန်ခံတွေက ပြောပါတယ်။

စခန်းနဲ့ နီးတဲ့နေရာမှာ ဒုက္ခသည် မရှိသင့်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီမှာ မနေသင့်တဲ့ အကြောင်း ပန်ခမ်းစခန်းက တပ်ရင်းမှူးက ခေါ်ယူပြောဆိုခဲ့တာ ဖြစ်တယ်လို့ လဂတ်ယန် စခန်း တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

Kachin Refugee21 copyဧပြီ ၂၇ ရက်နေ့ မနက်ပိုင်း သွားရောက်တွေ့ဆုံစဉ်မှာလည်း စစ်မဖြစ်တော့တဲ့အတွက် ရပ်ရွာကို ပြန်ဖို့ ပြောဆိုခဲ့သလို ပြန်မယ့်ရက်ကို မေးမြန်းခဲ့ပြီး ပြန်မယ်ဆိုရင် အကူအညီတွေ ပေးမယ်ဆိုတဲ့ အကြောင်း ပြောဆိုခဲ့တယ်လို့ စခန်း တာဝန်ခံ ဦးလဆန်က ပြောပါတယ်။

“မင်းတို့ ရပ်ရွာကို ပြန်ပါတဲ့။ ဒီနေရာကို ဒုက္ခသည် စခန်းအနေနဲ့ မနေကြနဲ့။ ရပ်ရွာ ပြန်လို့ရပြီ၊ ဘယ်နေ့ ပြန်မလဲတဲ့၊ ပြန်တော့ ပြန်ချင်တာပေါ့။ ပြန်ချင်ပေမယ့်လည်း ရွာမှာက စစ်ဖြစ်နေတယ်ဆိုတော့ ပြန်လို့လည်း မဖြစ်ဘူး။ ဘယ်သူမှ မပြန်ချင်ဘူး။ စစ်တပ်ကလည်း ရှိနေတယ်ဆိုတော့၊ လုံခြုံရေးအကြောင်းပြပြီးတော့မှ လှုပ်ရှားနေတဲ့အခါကြတော့ ဘယ်သူမှ မပြန်ရဲဘူး။”

လက်ရှိအခြေအနေမှာတော့ လုံခြုံရေးကြောင့် နေရပ်ကို ပြန်လို့ မဖြစ်သေးသလို မန့်ဝိန်းကြီးက ဒုက္ခသည်စခန်းကို ပြောင်းမယ်ဆိုရင်လည်း လူတွေအရမ်းပြည့်နေတဲ့ အတွက် သွားလို့ မဖြစ်ဘူးလို့ သူက ပြောပါတယ်။

ကချင်ဒုက္ခသည်တွေကို ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ပေးနေတဲ့ ၀ိန်ပေါင်နိန်းတွဲ အဖွဲ့က ဒေါ်မေရီတွမ်က ဒုက္ခသည်တွေကို ပြန်ပို့ဖို့လုပ်ဆောင်နေတဲ့ ကိစ္စကို အခုလိုပြောပါတယ်။

“ဒီမှာ မနေနဲ့ ဘာညာပေါ့ အတင်းမောင်းထုတ်တယ်။ ညတိုင်းနီးပါးကို စစ်ဝတ်စုံနဲ့ လာပြီးတော့ စာရင်းကောက်လိုက်ကောက်၊ လိုက်ကောက်ပြီးတော့မှ တချို့ ဒုက္ခသည်တွေက စစ်သားတွေ ၀င်လာတယ်ဆိုတော့ ကြောက်ပြီးတော့ တံခါးမဖွင့်ဘူး။ အဲဒီလိုမျိုးရှိတော့ ဒီလူတွေကို စာရင်းဖျက်လိုက် ဆိုတဲ့ ဟာမျိုးတွေပေါ့နော်။ အဲဒီလို ခြိမ်းခြောက်တာတို့ နိုင်ထက်စီးနင်း လုပ်တာတွေ ရှိနေတယ်။”

ဒီလဂတ်ယန်ဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၂၂၇ စုရှိပြီး လူဦးရေ ၈၀၀ ကျော်ခိုလှုံနေတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ အစိုးရတပ်တွေအကြား ထပ်မံဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ဒေသခံ ရွာသူရွာသားတွေဟာ စစ်ဘေးရှောင် စခန်းတွေမှာ ခိုလှုံနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013