DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် လိုင်စင်မရှိဘဲ အထည်ချုပ်စက်ရုံထောင်ပြီး လုပ်အားခေါင်းပုံဖြတ်မှုများ ကျူးလွန်
DVB
·
September 20, 2022
ရန်ကုန်တွင် လိုင်စင်မရှိဘဲ အထည်ချုပ်စက်ရုံထောင်ပြီး လုပ်အားခေါင်းပုံဖြတ်မှုများ ကျူးလွန်
Donate to DVB

ရန်ကုန်မြို့မှာ လုပ်ငန်းလိုင်စင် မရှိဘဲ အထည်ချုပ်စက်ရုံ ထောင်ပြီး လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေဟာ အမည်မခံဘဲ အစားထိုး လုပ်ကိုင်နေတဲ့အပြင် လုပ်အားခေါင်းပုံဖြတ်မှုတွေကိုလည်း ဆက်တိုက်ကျူးလွန်နေကြတယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အလုပ်သမားတွေဟာ အလုပ်အကိုင် အခွင့်အလမ်းနဲ့အတူ ရပိုင်ခွင့် အခွင့်အရေးတွေ အားလုံးဟာ ဆုံးရှုံးခဲ့ရပြီး နင်းပြားဘဝနဲ့ ရင်ဆိုင်နေရတာပါ။ ဒီအပေါ် လုပ်ငန်းရှင်တွေဟာ အခွင့်အကောင်းယူပြီး နည်းလမ်းပေါင်းစုံနဲ့ ခေါင်းပုံဖြတ်လာကြတာပါ။

အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတဦးက “အခုက ဘယ်လို ဖြစ်နေလဲဆိုရင် အလုပ်သမားတွေကို အချိန်ပိုတွေ မတရား ခေါ်ခိုင်းကြတယ်။ အောနင်းပေါ့နော်။ မိုးလင်းတဲ့အထိလေ။ အိမ်ရုံတွေဆိုတော့ လုပ်ချင်သလို လုပ်နေတာပေါ့။ အဲ့ရုံတွေက သမဂ္ဂတွေနဲ့လည်း အလှမ်းဝေးနေတော့ အလုပ်သမားတွေဘက်က ဘယ်လိုမျှ တိုင်လို့ မရနိုင်ဘူးဆိုပြီး သူတို့က လုပ်ချင်သလို လုပ်နေကြတာ။ အဲ့လိုကိစ္စမျိုးတွေ အခုဆိုရင် ခပ်စိတ်စိတ် ဖြစ်လာကြတယ်။ ပိုဆိုးတာက အလုပ်သမားတွေကို လစာ မပေးဘဲနဲ့ ဖြုတ်ပစ်တာ။ လုပ်ငန်းရှင်လို့ သတ်မှတ်ထားတဲ့ သူကလည်း လုပ်ငန်းရှင် မဟုတ်ဘူး။ ပိုင်ရှင်ကို တဆင့်ခံထားပြီး လုပ်နေကြတာ။ တချို့ရုံတွေဆိုရင် အောစူပါက တာဝန်ယူထားကြတာ။ အဲ့ဒါမျိုးတွေ ဖြစ်နေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပိုင်ရှင်ကိုယ်တိုင်က အမည်မခံဘဲ တဆင့်ခံပြီး လုပ်ငန်းဆောင်ရွက်နေတာဟာ ပြစ်မှုကျူးလွန်ဖို့အတွက် အခွင့်အရေးကောင်းတရပ်လို ဖြစ်နေတယ်လို့ သမဂ္ဂခေါင်းဆောင်တွေက ထောက်ပြထားပါတယ်။

အလုပ်သမားသမဂ္ဂခေါင်းဆောင်တဦးက “ကိုယ့်ဘာသာ ရုံထောင်တယ် ဆိုရင်လည်း ရှင်းရှင်းလင်းလင်း လုပ်ရမှာပေါ့။ အခုက အဲ့လိုမဟုတ်ဘဲ တယောက်ယောက်က ခိုင်းထားတာ။ ပြီးတော့ နေရာကလည်း ငှားတာ၊ စက်ကလည်း ငှားတာ။ သူပိုင်တာဆိုလို့ ဘာတခုမျှ မရှိဘူး။ ပြဿနာ တခုခုဖြစ်လို့ trace လိုက်မယ်ဆိုရင် လိုက်မရဘူး။ အမှန်တကယ်က လူ ၁၀ ဦးအထက်ပေါ့နော်။ လုပ်မယ်ဆိုရင် မြောက်ဥက္ကလာမှာ အသေးစားစက်မှု လုပ်ငန်းဆိုတာ ရှိတယ်။ အဲ့ဒီ့မှာ မှတ်ပုံတင်ရမှာလေ။ ပြီးရင် စည်ပင်မှာ လုပ်ငန်းလိုင်စင် လျှောက်ရမယ်။ လုပ်ငန်းလိုင်စင် ရမှ ဒါတွေ လုပ်လို့ရတာ။ ဒါပေမဲ့ ဒီလို လုပ်နေတာကို အလုပ်သမားဖြန်ဖျေရေး ရုံးတွေကလည်း မသိကြဘူး။ ရှင်းရှင်းပြောရရင် စည်ပင်က မသိတာလား၊ ဒါမှမဟုတ် သိလျက်သားနဲ့ ပိုက်ဆံယူပြီး ငြိမ်နေတာလားတော့ မပြောတတ်ဘူး။ အမှန်တကယ်က ဒါမျိုးတွေ ဖြစ်တယ်ဆိုရင် သူတို့က ဥပဒေနဲ့ လိုက်လုပ်ရမှာလေ။ အခုချိန်ကတော့ အဲ့ဒါတွေ အကုန်လုံးက လွတ်နေကြတယ်။ ဘာမျှ အရေးယူတာမျိုး မရှိဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

အနီးစပ်ဆုံး ပြန်ကြည့်ရင် ရန်ကုန်မြို့ ရွှေပြည်သာစက်မှုဇုန်မှာ ရှိတဲ့ အထည်ချုပ်စက်ရုံတခုမှာ လုပ်ငန်းရှင်ဟာ အလုပ်သမားတွေကို ရသင့်ရထိုက်တဲ့ လုပ်ခလစာ မပေးဘဲ ထွက်ပြေးသွားပြီး မဆိုစလောက် နစ်နာကြေးနဲ့ အလုပ်သမားတွေကို ညှိနှိုင်းဖြေရှင်းခဲ့တဲ့ သာဓက ရှိခဲ့ပါတယ်။

သမဂ္ဂအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက “ပြီးခဲ့တဲ့တခေါက်က သာဓုကန်မှာ ဖြစ်ခဲ့တဲ့ အထည်ချုပ်စက်ရုံဆိုရင် အလုပ်သမားတဦးကို ပိုက်ဆံ ၅ သောင်း၊ ၆ သောင်း လောက်နဲ့ ကျေအေး ခဲ့ရတယ်။ အဲ့ဖြစ်စဉ်မှာ ထွက်ပြေးသွာတဲ့သူကို ပိုင်ရှင်ဆိုပြီး သူတို့က ပြောတာ။ ဒါပေမဲ့ မေးခွန်းထုတ်စရာ ရှိတာက ထွက်ပြေးသွားတဲ့ သူဟာ ပိုင်ရှင်ဆိုရင် သူပိုက်ဆံ လာပေးစရာ မလိုဘူးလေ။ အဲ့လိုမဟုတ်ဘဲနဲ့ သိန်း ၆၀ ပေးလိုက်ပြီးတော့ ဒီကိစ္စကို ဖြေရှင်းလိုက်ကြတယ်။ ဒါက အလုပ်သမားတွေအနေနဲ့ လစာအပြည့်ရတာ မဟုတ်ဘူး။ ဥပမာ လူ ၈၀ ရှိတယ်ဆိုရင် သူပေးတဲ့ သိန်း ၆၀ ကို လူ ၈၀ နဲ့ စားကြည့်ပြီး အချိုးတိုင်း ယူကြရတာလေ။ ဒီတော့ ကိုယ်လုပ်ထားတဲ့ လုပ်အားခကို အပြည့်အဝ မရဘူး။ ဒါက လုပ်အားခ ခေါင်းပုံ ဖြတ်ခံရတာ။ ပြီးတော့ သူတို့က စက်တွေကို တနေရာဆီ ပြန်ရွှေ့သွားကြတယ်။ ဒါက ရွှေ့လျားပြီးတော့ ခေါင်းပုံဖြတ်နေသလို ဖြစ်နေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ILO အဖွဲ့ကြီးမှ အခုနှစ် သြဂုတ်လဆန်းက ထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာပါ ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ၁၈ လအကြာမှာတော့ မြန်မာအလုပ်သမား ၁ သန်းကျော်ဟာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက အလုပ်သမားတွေဟာ အလုပ်အကိုင် ဆုံးရှုံးခဲ့ရပြီး ဖြစ်ပေါ်လာတဲ့ စားဝတ်နေရေး အလွန်အကျွံ ကျပ်တည်းလာတဲ့ အခြေအနေကြောင့် အမျိုးသမီးတွေက အမျိုးသားတွေထက် အခက်အခဲ ပိုကြုံနေရတယ်လို့ ILO က ထောက်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013