DVB Logo
Home
မြန်မာသတင်း
မြောက်ဦးနှင့် မင်းပြားတွင် သတင်းထောက်တဦးနှင့် မြို့ခံ ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီး
DVB
·
September 20, 2022
မြောက်ဦးနှင့် မင်းပြားတွင် သတင်းထောက်တဦးနှင့် မြို့ခံ ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ် မြောက်ဦးမြို့က အလွတ်တန်း သတင်းထောက်တစ်ယောက်နဲ့ မင်းပြားမြို့က ဒေသခံ ၂ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ဦးမြို့၊ လက်ကောင်ဈေးရပ်ကွက်က အလွတ်တန်းသတင်းထောက် ကိုဖိုးသီဟကို ဒီနေ့ စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ အပေါင်းအပါတွေက လာရောက်ဖမ်းဆီးသွားကြတယ်လို့ ရခိုင်အခြေစိုက် သတင်းထောက်တယောက်က ဒီဗွီဘီကိုပြောပါတယ်။ 

“လက်ရှိမှာတော့ သူက သတင်းဌာန အတည်တကျတော့ မရှိဘူးဗျ။ အလွတ်တန်းသတင်းထောက်လုပ်ပြီး သတင်းမရေးတာတော့ အတော်ကြာနေပြီဗျ။ စစ်(...)၊ ရဲ(...)အင်အား ၂၀ လောက်နဲ့ လာဖမ်းပြီး မြောက်ဦးမြို့မရဲစခန်း စစ်ကြောရေးကို ခေါ်သွားကြတယ်။ သတင်းထောက်အများအပြားကိုလည်း ဖမ်းဝရမ်းတွေ ထုတ်ထားတယ်။ ကျနော်တို့ သတင်းထောက်တွေက သတင်းရေးတဲ့ အလုပ်ပဲ လုပ်ကိုင်တာဖြစ်ပြီး ရာဇဝတ်မှုကျူးလွန်နေတာ မဟုတ်ဘူး။ ဒါကို အာဏာသိမ်းစစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မတွေ အမျိုးမျိုးတပ်ပြီး မတရားဖမ်းဆီး ထောင်ချနေကြတာ” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးချိန်ကစလို့ သတင်းဌာနတချို့ကို ပိတ်သိမ်းခဲ့သလို သတင်းမီဒီယာသမား အယောက် ၁၄၀ ကျော်ကိုလည်း ဖမ်းဆီးခဲ့တာပါ။ 

မနေ့ ညပိုင်းကလည်း မင်းပြားမြို့ခံတွေ ဖြစ်တဲ့ ပြည်တော်လှရပ်ကွက် သပြေညိုက ဦးညီညီနဲ့ ပြည်တော်သာရပ်ကွက်က ဦးမောင်မောင်တို့ကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေနဲ့ မြို့ခံတွေက ပြောပါတယ်။   

“စစ်သားတွေက ညအချိန်မှာ အိမ်ကိုဝင်လာပြီး အိမ်ထောင်စုစာရင်းစစ်ပြီးနောက် ညီညီကို ဖမ်းဆီးသွားခဲ့တာ။ အချိန်ကတော့ ညသန်းခေါင်ကျော်နေပြီ။ ကျမတို့လည်း ကြောက်နေကြတော့ ဘယ်အချိန် စစ်သားဘယ်လောက် ပါတယ်ဆိုတာ မသိလိုက်ကြဘူး။ လာဖမ်းတဲ့အထဲမှာ ရဲလည်း မပါဘူး။ ရပ်ကွက်အုပ်ချုပ်ရေးကလည်း မပါဘူး။ စစ်သားတွေကပဲ လာဖမ်းသွားကြတာပါ။ စစ်သားတွေက အိမ်ကိုလာပြီးတော့ အိမ်ထောင်စုတွေစစ်ပြီးနောက် သူ့ကို ဖမ်းသွားကြတာပါ။ သူ့က ဘာအပြစ်မှလည်း လုပ်ထားတာမရှိဘူး။ သာမန် ငါးရှာစားနေတာ ဖြစ်တယ်။ ဘယ်နိုင်ငံရေးအဖွဲ့နဲ့မှလည်း ဆက်စပ်နေတာမရှိဘူး။ ဘယ်မှာ သွားရှာရမလဲဆိုတာလည်း ကျမတို့ မသိဘူးဖြစ်နေတယ်” လို့ ဦးညီညီရဲ့ မိသားစုဝင်တယောက်က ပြောပါတယ်။

ပြည်တော်သာရပ်ကွက်က ဦးမောင်မောင်ကိုလည်း စစ်သားတွေက ဖမ်းဆီးသွားခဲ့ပြီး ဘာကြောင့် ဖမ်းသွားတယ်ဆိုတာ မသိရသေးဘူးလို့ မင်းပြားမြို့ခံတယောက်က ပြောပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်ကလည်း မင်းပြားမြို့နယ် ရာမောင်တံတားနားမှာ ဆိုင်ကယ်နဲ့ သွားလာနေတဲ့ လူငယ်နှစ်ယောက်ကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။   

ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ အခုနှစ်ပတ်အတွင်း စစ်ကောင်စီက အပြစ်မဲ့အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးထားတယ်လို့ စက်တင်ဘာ ၁၉ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အေအေပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက အရပ်သား ၅၀ နီးပါးကို ဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးတပ် တရားစွဲဆိုထားတာတွေ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013