DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ကလေးငယ်များအတွက် ဝမ်းနည်း ကြောင်း ယူနီဆက်ဖ်ထုတ်ပြန်
DVB
·
September 19, 2022
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ကလေးငယ်များအတွက် ဝမ်းနည်း ကြောင်း ယူနီဆက်ဖ်ထုတ်ပြန်
Donate to DVB

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးခဲ့တဲ့ ကလေးငယ်တွေအတွက် ထပ်တူဝမ်းနည်းကြေကွဲရကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) မြန်မာက ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၆ ရက်မှာ  စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းတကျောင်းအပါအဝင် အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို လေ‌ကြောင်းတိုက်ခိုက်မှုနဲ့ မဆင်မခြင်ပစ်ခတ်မှုများကြောင့် အနည်းဆုံး ကလေးငယ် ၁၁ ဦးခန့်သေဆုံးခဲ့ကြောင်း၊ မိမိတို့သားသမီးတွေဆုံးရှုံးခဲ့ကြရတဲ့ မိဘတွေနဲ့ မိသားစုဝင်တွေနဲ့ထပ်တူ ယူနီဆက်ဖ်အနေနဲ့  ဝမ်းနည်းကြေကွဲရကြောင်း၊ အသေးစိတ်အချက်အလက်တွေကိုလည်း ဆက်လက်အတည်ပြုနေကြောင်း ယူနီဆက်ဖ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အဆိုပါ တိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းက ကျောင်းသားကျောင်းသူ  အနည်းဆုံး ၁၅ ယောက်လောက်လည်း ပျောက်ဆုံးနေပြီး ယူနီဆက်ဖ်အနေနဲ့ ကလေးတွေကို ဘေးအန္တရာယ်ကင်းစွာနဲ့ ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်းနဲ့ စာသင်ကျောင်းတွေဟာ ဘေးကင်းလုံခြုံတဲ့ နေရာတွေ ဖြစ်ရမှာဖြစ်ကာ ကလေးသူငယ်တွေကို ဘယ်အခါမှ မတိုက်ခိုက်ရဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လတ်တလော ယူနီဆက်ဖ်မြန်မာရဲ့ ထုတ်ပြန်ချက်မှာ  သေဆုံးတဲ့ကလေးငယ် အနည်းဆုံး ၁၁ ဦးရှိတယ်လို့  ဖော်ပြထားပေမဲ့  အခုလို  ကျောင်းသားကလေးငယ်တွေကို လေကြောင်းကနေ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှု ကျူးလွန်ခဲ့တဲ့အဖွဲ့အစည်းရဲ့အမည်ကို ဖော်ပြခြင်းမရှိသလို ပြစ်တင်ရှုတ်ချတာလည်း မရှိတဲ့အပေါ် မြန်မာလူမှုကွန်ရက်မှာ ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်းကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ရဟတ်ယာဉ် ၂ စီးနဲ့ တိုက်ခိုက်မှုကြောင့်   သေဆုံးရတဲ့ ကလေးတွေအထဲမှာ နာမည်အတည်ပြုနိုင်တဲ့ကလေးငယ်တွေကတော့  အသက် ၇ နှစ်အရွယ် မောင်ဘုန်းတေဇ၊ မစုရတီလှိုင်၊ အသက် ၉ နှစ်အရွယ် မဇင်နွယ်ဖြိုး၊ အသက် ၁၁ နှစ်အရွယ် မဝင်းဝင်းခိုင်၊ အသက် ၁၄ နှစ်အရွယ် မောင်ဇင်ကိုဦး၊ အသက် ၁၃ နှစ် မောင်စိုးမင်းဦး၊ အသက် ၁၆ နှစ်အရွယ် မောင်အောင်အောင်ဦးတို့ ဖြစ်တယ်လို့ ကနဦးသိထားရပြီး သေဆုံးဒဏ်ရာရသူ ဒီထက်ပိုများနိုင်တယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဟာ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းပြည်သူတွေပါမချန် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကို ဆက်တိုက် ကျူးလွန်နေခဲ့တာဖြစ်ပြီး ခုလိုတိုက်ခိုက်တာဟာ ပထမဆုံးတော့ မဟုတ်ခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ စာသင်ကျောင်းတွေတိုက်ခိုက်ခံရမှုဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က ၁၀ ကြိမ်သာရှိခဲ့ရာမှ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်မှာတော့ အကြိမ်ရေ ၁၉၀ အထိများပြားလာခဲ့တယ်လို့ ကမ္ဘာလုံးဆိုင် ရာ ပညာရေးတိုက်ခိုက်မှုမှကာကွယ်ရေးအဖွဲ့ (GCPEA)က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၉ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာပညာရေးတိုက်ခိုက်မှုမှ ကာကွယ်ရေး ကုလသမဂ္ဂရဲ့ အထိမ်းအမှတ်နေ့မှာ  အစီရင်ခံစာထုတ်ပြန်ကြေညာလိုက်တာဖြစ်ပြီးတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း စာသင်ကျောင်းတွေကို တိုက်ခိုက်ခံရတဲ့ တိုင်းဒေသကြီးနဲ့  ပြည်နယ် ၁၃ ခုအထိရှိလာခဲ့ပြီး အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်တုန်းကတော့ ကျောင်းတွေ တိုက်ခိုက်ခံခဲ့ရတဲ့ တိုင်းနဲ့ ပြည်နယ် ၃ ခုသာ ရှိခဲ့တယ်လို့ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၂,၃၀၀ နီးပါးနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၅၇၁ ယောက် ရှိလာခဲ့ပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013