
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲမှာ ဇူလိုင် ၂၅ ရက် ညနေပိုင်း စစ်အာဏာရှင်တပ်က ဒရုန်းနဲ့ဗုံးကြဲချခဲ့တာကြောင့် အရပ်သားပြည်သူ ၄ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Wetlet Informational Network ရဲ့ တာဝန်ခံ ကိုနဂါးလေးက “အဲဒီနေ့ ညနေ ၃ နာရီလောက်မှာ စဉ့်ကူးတောင်ခြမ်း ထုံးကြီးရွာစစ်တပ်အထိုင်စခန်းကနေ လွှတ်လိုက်တဲ့ ၄ လက် ဒရုန်း ၁ စီး အနောက်တောင်ဘက် ဧရာဝတီမြစ်ကမ်းနံဘေးက ရွာတော်ရွာပေါ်ထဲကို ဗုံးကြဲသွားတယ်။ အမျိုးသမီးကလေးငယ် ၁ ယောက်နဲ့ အမျိုးသား ၃ ယောက် ဒဏ်ရာရကြပြီး အိမ်တချို့လည်း ပျက်စီးကုန်တယ်” လို့ ပြောပါတယ်။
ဇူလိုင် ၂၂ ရက်ကလည်း စဉ့်ကူးမြို့နယ်အနောက်တောင်ဘက်၊ ကျွန်းကြီးကျေးရွာ ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲနေတဲ့ စစ်တပ်က ၄ လက် ဒရုန်းအမျိုးအစားကိုအသုံးပြုပြီး ကြက်တူရွေးကျေးရွာကို ဗုံးကြဲချခဲ့တာကြောင့် ကျေးရွာအတွင်း ရိက္ခာပြန်ဝင်ယူတဲ့ အမျိုးသမီး တယောက် သေဆုံးခဲ့ရသေးသလို အမျိုးသား ၁ ယောက်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး (စဥ့်ကူး)ရဲ့ တာဝန်ရှိသူတယောက်က “အဲဒီမြစ်ကမ်းဘေး ရွာတွေဘက်မှာ တိုက်ပွဲဖြစ်တာတွေ မရှိဘဲနဲ့ ပြည်သူတွေကို ဦးတည်ပြီး ကြဲတာပါ။ ကျနော်တို့ စဥ့်ကူးမြို့နယ်ထဲက ရွာတွေကို ဟိုဘက် မတ္တရာဘက်ကနေလည်း လက်နက်ကြီးတွေနဲ့ မကြာခဏ လှမ်းထုတာတွေ ရှိတယ်။ လေယာဥ်နဲ့ဗုံးကြဲတာတွေလည်း မကြာခဏရှိနေလို့ မြစ်ကမ်းဘေးကရွာတွေမှာရှိတဲ့ ပြည်သူအများစုကတော့ တခြားနေရာတွေမှာ ရွှေ့နေကြတာ” လို့ ပြောပါတယ်။
စဥ့်ကူးမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းဘေးကျေးရွာတွေမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ လေကြောင်းရန်နဲ့ လက်နက်ကြီးအန္တရာယ်တွေကို ကာကွယ်နိုင်မဲ့ အစီအမံတွေ ပြုလုပ်ထားကြဖို့နဲ့ လူစုလူဝေးနေရာတွေကို မသွားဖို့၊ သတိနဲ့ နေထိုင်သွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းပါတယ်။










