DVB Logo
Home
မြန်မာသတင်း
စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် မွန်ပြည်နယ်နှင့်ပဲခူးတိုင်းတွင် ဆန္ဒပြ
DVB
·
April 25, 2014
စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် မွန်ပြည်နယ်နှင့်ပဲခူးတိုင်းတွင် ဆန္ဒပြ
Donate to DVB

ဖမ်းဆီးခံ သတင်းထောက်တွေ ပြန်လွှတ်ပေးရေးနဲ့ သတင်းလွတ်လပ်စွာ ရယူခွင့်အတွက် ပဲခူးတိုင်း ပြည်မြို့နဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့တွေမှာ ဒီနေ့ ချီတက်ဆန္ဒပြ တောင်းဆိုကြပါတယ်။

[caption id="attachment_55472" align="alignleft" width="300"]Mawlayein Demostration copy မော်လမြိုင်မြို့တွင် ဆန္ဒပြနေကြစဉ်[/caption]

ဖမ်းဆီးပြီး တရားစွဲဆို ထောင်ဒဏ် ကျနေတဲ့ သတင်းထောက်တွေ ပြန် လွှတ်ပေးရေး၊ မီဒီယာ လွတ်လပ်ခွင့်ရရှိရေး နဲ့ ပြည်သူပိုင် အဆောက်အဦရုံးတွေမှာ လွတ်လပ်စွာ သတင်း ရယူခွင့်ရရှိရေးအတွက် ပဲခူးတိုင်း ပြည်မြို့က သတင်းထောက် ၂၀ လောက်နဲ့ ဒေသခံ စုစုပေါင်း ၁၀၀ လောက်က  တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။

ဒီနေ့ မနက် ၈ နာရီကနေ ၁၀ နာရီအထိ ဆန္ဒပြခဲ့ကြတာလို့ ဒီဆန္ဒပြမှုမှာ ပါဝင်တဲ့ ဒီဗွီဘီသတင်းထောက် ဦးသန်းထိုက်အောင်က ဆန္ဒပြမှုအခြေအနေကို ပြောပါတယ်။

“မနက် ၈ နာရီမှာ စလူစုပြီးတော့ ၈ နာရီခွဲမှာ စထွက်တယ်။ ဗိုလ်ချုပ်လမ်းအတိုင်း လျှောက်သွားပြီး ရွှေဆံတော်ဘုရားရှေ့မှာ ဆန္ဒပြတယ်။ ဘုရှားရှေ့မရောက်ခင် အမှတ် ၃ ရဲစခန်းမှူးရယ်၊ အမှတ် ၁ ရဲစခန်းမှူးရယ် လာပြီးတားတယ်။ တားပေမယ့် ကျနော်တို့ လက်မခံနိုင်ဘူး၊ မလိုက်နာနိုင်ဘူး၊ ကြိုက်တဲ့ပုဒ်မနဲ့ ကြိုက်သလို အရေးယူနိုင်ပါတယ်ဆိုပြီး ဆက်ထွက်ပြီး ရွှေဆံတော်ဘုရားရှေ့မှာ ၁၅ မိနစ်ခန့် ကြွေးကြော်သံတွေနဲ့ ဆန္ဒပြတယ်။ အဓိက မီဒီယာဖိနှိပ်မှု ချက်ချင်းရပ်ဆိုတာ၊ အများပြည်သူ ၀င်ထွက်သွားလာတဲ့ ပြည်သူပိုင်ရုံးတွေမှာ သတင်းလွတ်လပ်စွာ ရရှိရေး၊ ဖမ်းဆီးတရားစွဲ ထောင်ချထားတဲ့ သတင်းထောက်တွေကို ပြန်လွှတ်ပေးရေး အဓိက အဲဒီ ၃ ချက်ပါပဲ။”

ဆန္ဒပြခွင့်ရဖို့ သတင်းထောက်တွေက ခွင့်ပြုချက် တောင်းခံခဲ့ပေမယ့် ဧပြီ ၂၂ ရက်နေ့ညမှာ တော့ မြို့နယ်ရဲတပ်ဖွဲ့က  ငြင်းပယ်ခဲ့ပါတယ်။

ဒါပေမယ့် အစီအစဉ်အတိုင်း ဆန္ဒပြတဲ့အတွက် ပြည်မြို့နယ် အမှတ် ၁ နဲ့ အမှတ် ၃ ရဲစခန်း က  ၂ ကြိမ်တားဆီးခဲ့တယ်လို့ ဦးသန်းထိုက်အောင်က ပြောဆိုပြီး အရေးယူ ဆောင်ရွက်ခံရ တာတော့ မရှိသေးဘူးလို့ ပြောပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်းမှာလည်း  မြန်မာပြည်တောင်ပိုင်း ဂျာနယ် လစ်ကွန်ရက်၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်းနဲ့ ကရင်ပြည်နယ်က သတင်းသမားတွေ စုပေါင်း ဆန္ဒပြကြတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့   မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက်မှာ  ဦးမှူးအိမ်ဇော်က ပြောပါတယ်။

“သတင်းထောက်တွေ မတရားဖမ်းဆီးခံနေရတာကို လွှတ်ပေးဖို့ ကျနော်တို့ တောင်းဆိုတယ်။ သတင်းလွတ်လပ်ခွင့် အပြည့်အ၀ တောင်းဆိုတယ်။ သတင်းရယူတဲ့နေရာမှာလည်း လွတ်လပ်ခွင့်ရှိဖို့ တောင်းဆိုတယ်။ ကိုဇော်ဖေအပါအ၀င် သတင်းထောက်တွေ မတရားဖမ်းဆီးခံနေရတာကို ကျနော်တို့ ကန့်ကွက်တယ်။ အဲဒီအတွက် ဆန္ဒထုတ်ဖော်တာပါ။ ကျနော်တို့ ကြွေးကြော်ပြီး ဆိုင်းဘုတ်တွေကိုင်တယ်၊ တူညီဝတ်စုံတွေ ၀တ်ထားတယ်။ အင်္ကျီရဲ့ရှေ့မှာတော့ press freedom ဆိုတဲ့ စာတန်းပါတယ်။ နောက်မှာတော့ ဖမ်းဆီးခံသတင်းထောက်တွေ ချက်ချင်းလွှတ်ဆိုတဲ့စာတန်းနဲ့ တူညီဝတ်စုံဝတ်ပြီး ဆန္ဒပြကြတယ်။ ”

မော်လမြိုင်မြို့က ဆန္ဒပြပွဲမှာတော့ ခွင်ပြုချက်ရတဲ့အတွက် အတားအဆီးမရှိ ဆန္ဒထုတ် ဖော်နိုင်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက် နေတယ်လို့ အစိုးရဘက်က ပြောနေချိန်မှာ မကြာသေးခင်က ဒီဗွီဘီသတင်းထောက် ဦးဇော်ဖေ ထောင်ဒဏ် ချမှတ်ခံရပြီး စာနယ်ဇင်းသမားတချို့ လည်း တရားရင်ဆိုင်နေကြရပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013