ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေတဲ့ ရွှေပြည်တန် အမြန်ရေယာဥ် ခရီးစဉ်တွေကို စစ်ကောင်စီအမိန့်နဲ့ စက်တင်ဘာ ၁၅ ရက်ကစပြီး ယာယီရပ်နားလိုက်ကြောင်း အမြန်ရေယာဉ် တာဝန်ရှိသူတွေက ပြောပါတယ်။
တာဝန်ရှိသူတယောက်က “ဟုတ်တယ်။ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် အမြန်ယာဉ်ခရီးစဥ်နဲ့ စစ်တွေ-ပေါက်တော-မင်းပြား ခရီးစဉ်တွေ စက်တင်ဘာ ၁၅ ကစပြီး ယာယီရပ်တန့်လိုက်တာ” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပြည်တွင်းရေကြောင်း ဦးစီးဌာနက အမြန်ရေယာဥ်တွေ သွားလာခွင့်ပိတ်ထားဖို့ ညွှန်ကြားလာတဲ့အတွက် အခုလို ပိတ်လိုက်ရတာလို့ အမြန်ရေယာဉ်လိုင်းမှ တာဝန်ရှိသူတွေဆီက သိရပါတယ်။
စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် ခရီးစဉ်၊ စစ်တွေ-ပေါက်တော- မင်းပြားမြို့ ခရီးစဉ်တွေ ရပ်နားလိုက်ရပြီး စစ်တွေ-တောင်ကုတ် ခရီးစဉ်ကို ခွင့်ပြုထားကြောင်း၊ စစ်တွေ-မြောက်ဦး ခရီးစဉ်ကိုတော့ သြဂုတ်လကုန်ပိုင်းကစပြီး စစ်ကောင်စီရဲ့ ညွှန်ကြားချက်နဲ့ ရပ်နားထားရတာလို့ ပြောပါတယ်။
အခုလို အမြန်ရေယာဉ်ခရီးစဥ်တွေ ပိတ်လိုက်တဲ့အတွက် စစ်တွေမြို့ကို ကျန်းမာရေးကိစ္စနဲ့ လာရောက်ဆေးကုသရမယ့် လူနာတွေ ဆိုးဆိုးရွားရွား အခက်တွေ့လာနိုင်တယ်လို့ ဘူးသီးတောင်မြို့ခံတယောက်က ပြောပါတယ်။
“အမြန်ရေယာဉ် ပိတ်လိုက်တာက တခြားမြို့တွေအတွက် ကိစ္စမရှိဘူး။ မောင်တောနဲ့ ဘူးသီးတောင်အတွက်တော့ တော်တော်လေး ဒုက္ခတွေ့ကြမှာပါ။ ကျန်းမာရေးကြောင့် စစ်တွေကို ဆေးသွားကုမယ့်သူတွေ အတော်ဒုက္ခရောက်နိုင်တယ်။ မောင်တော-အငူမော်လမ်းလည်း မဖွင့်သေးတော့ အနာဂတ်အခြေအနေက မလွယ်ပါ။ မြို့ ၂ မြို့ ပိတ်မိသွားနိုင်တဲ့ အခြေအနေကို ရောက်သွားမှာ။”
ချိန်ခါလီကျေးရွာနဲ့ ကျောက်ပန္ဒူကျေးရွာအနီးမှာ ဩဂုတ် ၁၃ ရက်က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် ဩဂုတ် ၁၄ ရက်ကစတင်ကာ မောင်တော-အငူမော်-စစ်တွေလမ်းကို အကန့်အသတ်မရှိ ပိတ်ထားခဲ့တာ အခုဆို တလကျော်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။
ကုန်းလမ်း၊ ရေလမ်း အားလုံး ပိတ်လိုက်တာကြောင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေက ပြည်သူအားလုံး စားနပ်ရိက္ခာ၊ ဆေးဝါးပြတ်လပ်တာတွေနဲ့ ကုန်းစျေးနှုန်း အဆမတန် မြင့်တက်လာမယ့်ဒဏ်တွေကို ကြုံတွေ့လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။