DVB Logo
Home
မြန်မာသတင်း
၅ လအတွင်း ပြည်ပကို ဆန်နှင့် ဆန်ကွဲ တန်ချိန် ၈၈၀,၀၀၀ ကျော် တင်ပို့ထား
DVB
·
September 14, 2022
၅ လအတွင်း ပြည်ပကို ဆန်နှင့် ဆန်ကွဲ တန်ချိန် ၈၈၀,၀၀၀ ကျော် တင်ပို့ထား
Donate to DVB

အခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၅ လအတွင်း ပြည်ပကို ဆန်နဲ့ဆန်ကွဲ တန်ချိန် ၈၈၀,၀၀၀ ကျော် တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) က ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။

အဲဒီ တန်ချိန် ၈၈၀,၀၀၀ ကျော်ထဲမှာ တရုတ်၊ ဘယ်လ်ဂျီယံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ဝယ်ယူမှု အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ဝယ်ယူမှုက တန်ချိန် ၂၄၀,၀၀၀ ကျော်၊ ဘယ်ဂျီယံနိုင်ငံရဲ့ ဝယ်ယူမှုက ၁၈၀,၀၀၀ ကျော်နဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ဝယ်ယူမှုက တန်ချိန် ၉၅,၀၀၀ ကျော်ထိ ရှိပါတယ်။

ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကနေ တန်ချိန် ၇၈၀,၀၀၀ ကျော် တင်ပို့ခဲ့တာဖြစ်ပြီး နယ်စပ်ကတဆင့် တင်ပို့မှုက တန်ချိန် ၁၀၀,၀၀၀ ကျော်သာ ရှိခဲ့ပါတယ်။

ပြည်ပကို ပြီးခဲ့တဲ့ ၅ လအတွင်း တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ပို့ကုန်ဝင်ငွေ ရရှိထားတယ်လို့ MRF ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မြန်မာ့ဆန်နဲ့ဆန်ကွဲကို တရုတ်၊ ဖိလစ်ပိုင်၊ ဘယ်လ်ဂျီယံ၊ အိုင်ဗရီကို့စ်၊ နယ်သာလန်နိုင်ငံတို့ကို အဓိက အများဆုံးတင်ပို့နေတာဖြစ်ပြီး ပြီးခဲ့တဲ့ မီနီဘတ်ဂျတ်ကာလအတွင်းမှာလည်း ဆန်တန်ချိန် ၁ ဒသမ ၄ သန်းထိ တင်ပို့နိုင်ခဲ့ပြီး ပုံမှန်တင်ပို့မှုထက် တိုးတက်မှုရှိခဲ့ပါတယ်။

အခုဘဏ္ဍာနှစ်မှာလည်း ပြည်ပတင်ပို့မှုက ဆက်လက် အရှိန်ကောင်းနေပြီး ဒေါ်လာစျေး မြင့်တက်နေတာကြောင့် ပြည်တွင်းဆန်စျေး၊ စပါးစျေးတွေလည်း လိုက်ပါမြင့်တက်နေပါတယ်။

လက်ရှိမှာ ဒေသတချို့က မိုးစပါး ဆန်အသစ်တွေ စျေးကွက်အတွင်းကို စတင် ဝင်ရောက်လာနေပြီး လာမယ့်သီတင်းပတ် အနည်းငယ်အတွင်း လှိုင်လှိုင်ထွက်လာတော့မှာ ဖြစ်ပါတယ်။

စပါးအသစ်ပေါ်ချိန်မှာ စျေးကျဆင်းလေ့ရှိပေမဲ့ အခုနှစ်က ရွှေ၊ ဒေါ်လာ၊ စိုက်ပျိုးရေး သွင်းအားစုတွေနဲ့ အထွေထွေကုန်စျေးနှုန်းတွေ အတက်ဘက်မှာရှိနေတဲ့အတွက် ဆန်စပါးစျေးလည်း အတက်ဘက်မှာပဲ ဆက်ရှိနေနိုင်တယ်လို့ ဆန်လုပ်ငန်းအသိုင်းအဝိုင်းက သုံးသပ်ထားကြပါတယ်။

စစ်ကိုင်းတိုင်းက စပါးစိုက်တောင်သူတယောက်က “စျေးကောင်းရမှ လယ်သမားက ခံနိုင်မှာ။ ဓာတ်မြေဩဇာစျေး၊ ဒီဇယ်စျေးက ဒီလောက် မချိမဆန့်တက်နေတာ။ အခုက ငွေကြေးဖောင်းပွမှုကြောင့် စျေးတက်နေရတာ။ ဆန်သစ်ပေါ်လို့သာ စျေးကျရင် တောင်သူအရင်ထိမှာပဲ” လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာ ဆန်စျေးကွက်မှာလည်း ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့တဲ့ နိုင်ငံတချို့မှာ ရာသီဥတုဖောက်ပြန်ပြီး ဆန်စပါးအထွက်နှုန်း လျော့နည်းနိုင်တဲ့ အခြေအနေ ရှိနေတာကြောင့် မြန်မာ့ဆန်အပေါ် ဝယ်လိုအား မြင့်တက်လာနိုင်ခြေရှိတယ်လို့ ဆန်လုပ်ငန်းရှင်တချို့က သုံးသပ်ထားကြပါတယ်။

တဖက်မှာလည်း စိုက်ပျိုးရေးကုန်ကျစရိတ် ကြီးမြင့်နေတာ၊ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နေရာဒေသတွေမှာ စိုက်ပျိုးရေး ကောင်းကောင်းမလုပ်နိုင်တာတွေကြောင့် မြန်မာနိုင်ငံရဲ့ ဆန်စပါး စိုက်ဧကလည်း လျော့နည်းကျဆင်းနေပါတယ်။

မြန်မာ့ဆန်နဲ့ ဆန်ကွဲကို ဒေသတွင်းနိုင်ငံတွေအပြင် ဥရောပနဲ့ အာဖရိကနိုင်ငံတွေကိုပါ တင်ပို့ရောင်းချနေတာ ဖြစ်ပြီးတော့ နှစ်စဥ် ပျမ်းမျှ တန်ချိန် ၂ သိန်းကနေ ၂ သိန်းခွဲကြား တင်ပို့လေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013