Home
မြန်မာသတင်း
မင်္ဂလာတောင်ညွန့်မြို့နယ်၌ ကားဆေးဘော်ဒီအလုပ်ရုံပိုင်ရှင် ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ
DVB
·
September 14, 2022
306855052_10158934049527913_698792998687620950_n

ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ ပုဇွန်တောင် မီးရထားဝင်းထဲမှာ စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက ကားဆေးဘော်ဒီအလုပ်ရုံလုပ်ငန်းလုပ်ကိုင်တဲ့ ပိုင်ရှင်တယောက် သေနတ်နဲ့ ပစ် ခတ်ခံခဲ့ရပါတယ်။

ကိုဗိုက်နှင့်ညီများဆေးဘော်ဒီအလုပ်ရုံပိုင်ရှင် ဦးအောင်အောင်(ခ)ဟာရှင်ဟာ မီးရထားဝင်းအတွင်းရှိ သက်သာဆိုင်အဖြစ်ငှားရမ်းထားတဲ့ ဆေးဘော်ဒီလုပ်ငန်းမှာ အလုပ်လုပ်နေစဥ်  ညနေ ၄ နာရီဝန်းကျင်က အမည်မသိအမျိုးသားတယောက်က လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ဦးအောင်အောင်(ခ)ဟာရှင်ဟာ ကျည်ထိမှန်ဒဏ်ရာ ခုနှစ်ချက်ရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

"ကျောကုန်းရယ်၊ ချိုင်းအောက်ရယ်၊ ခါးနဲ့လက်တွေမှာ ကျည်ထိမှန်ဒဏ်ရာတွေရတယ်။ စိုးရိမ်ရတဲ့အခြေအနေပါ ရန်ကုန်ဆေးရုံကြီးကို ပို့ထားတယ်"လို့ ရှင်းပြပါတယ်

အဆိုပါပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘာကြောင့်ပစ်တယ် ဘယ်အဖွဲ့အစည်းက ပစ်တယ်ဆိုတာ ဒီဗွီဘီ အနေနဲ့ သီးခြားအတည်ပြနိုင်ခြင်းမရှိပေ။

ရပ်ကွက်နေသူတယောက်က"အလုပ်သမားတွေလည်းရှိတယ်။ ပိုင်ရှင်ကိုပဲပစ်သွားတာ။ သူက ရဲတွေနဲ့တော့ ရင်းနှီးတယ်။ သတင်းပေး ဟုတ်မဟုတ်တော့ မသိဘူး။  သေနတ်သံ ရှစ်ချက်လောက်ရှိတယ်။”လို့ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ပုဇွန်တောင်မီးရထားဝင်းအတွင်း စစ်ကောင်စီတပ်တွေက စစ်ဆေးခဲ့တယ်လို့  မီးရထားဝင်းနေထိုင်သူတွေဆီက သိရပါတယ်။

ရန်ကုန်တိုင်း မြို့နယ်တချို့မှာ စက်တင်ဘာ ၁ ရက်မှ ၁၄ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ပစ်ခတ်မှု ၁၅ ကြိမ်ဖြစ်ခဲ့ပြီး ရာအိမ်မှူး တယောက်နဲ့ အရပ်သားတယောက်သေဆုံးကာ နှစ်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024