DVB Logo
Home
မြန်မာသတင်း
ရုရှား၊ ဘယ်လာရုစ်နှင့် မြန်မာတို့ကို ဘုရင်မကြီး အဲလိဇဘက်၏ဈာပန ဖိတ်ကြားခြင်းမရှိ
DVB
·
September 13, 2022
ရုရှား၊ ဘယ်လာရုစ်နှင့် မြန်မာတို့ကို ဘုရင်မကြီး အဲလိဇဘက်၏ဈာပန ဖိတ်ကြားခြင်းမရှိ
Donate to DVB

လာမယ့် စက်တင်ဘာ ၁၉ ရက် မနက် ၁၁ နာရီ ကျင်းပမယ့် အင်္ဂလန်ဘုရင်မကြီး အဲလိဇဘက် ၂ ရဲ့ ဈာပနအခမ်းအနားကို တက်ရောက်ဖို့ ရုရှား၊ ဘယ်လာရုစ်နဲ့ မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေနဲ့ ခေါင်းဆောင်တွေကို ဖိတ်ကြားမှာမဟုတ်ဘူးလို့ သိရပါတယ်။ 

အီရန်နိုင်ငံကတော့ ကိုယ်စားပြု သံအမတ်သာ တက်ရောက်ခွင့်ရှိမယ်လို့ ဆိုပါတယ်။ 

တော်ဝင်ခရစ်ယာန် ဘုရားရှိခိုကျောင်း ဝက်စ်မင်စတာအက်ဘေမှာ ကျင်းပမယ့် ဈာပန အခမ်းအနားကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အပါအဝင် တကမ္ဘာလုံးက ခေါင်းဆောင်ပေါင်း ၅၀၀ လောက် တက်ရောက်ကာ အရိုအသေပေးကြလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ဒီလောက်ကြီးတဲ့ နိုင်ငံတကာအခမ်းအနားမျိုး ဝက်စ်မင်စတာမှာ မကျင်းပဖြစ်တာ ဆယ်စုနှစ်တွေနဲ့ ချီကြာနေပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ရက်ပိုင်းအတွင်း ရာနဲ့ချီတဲ့နိုင်ငံတွေက ရောက်လာကြမယ့် ခေါင်းဆောင်တွေအတွက် ပို့ဆောင်ရေးနဲ့ လုံခြုံရေးအတွက်လည်း အကြီးအကျယ်စီစဉ်နေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ပိတ်ရက် (စနေတနင်္ဂနွေ) အတွင်းမှာ ယူကေနဲ့ နိုင်ငံရေးအဆက်အသွယ်ရှိနေတဲ့ နိုင်ငံတွေအားလုံးကို ဈာပနအခမ်းအနားအတွက် ဖိတ်ကြားစာတွေ ပို့ဆောင်ခဲ့ပြီး နိုင်ငံအတော်များများက ခေါင်းဆောင်တွေအနေနဲ့ ပွဲတက်ဧည့်သည်တယောက်ကို အတူခေါ်ဆောင်လာခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

ထူးခြားချက်အနေနဲ့ ရုရှားက ဗလာဒီမယာပူတင်၊ သူ့ရဲ့ မဟာမိတ် ဘယ်လာရုစ်က အလက်ဇန္ဒားလူကာရှန်ကိုနဲ့ မြန်မာနိုင်ငံက စစ်ခေါင်းဆောင်တွေကိုတော့ ဈာပနပွဲတက်ရောက်ဖို့ ဖိတ်ကြားခြင်းမရှိခဲ့ဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။

နယူးဇီလန်ဝန်ကြီးချုပ် ဂျဆင်ဒါအာဒန်းက ၂၄ နာရီကြာအောင် ခရီးဝေးက လာရမှာဖြစ်ပေမယ့် အခမ်းအနားတက်ရောက်ဖို့ အတည်ပြုထားသလို ဓနသဟာယနိုင်ငံတွေက ခေါင်းဆောင်အတော်များများ လာရောက်ကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ တူရကီနဲ့ ဘရာဇီး သမ္မတတို့က အခမ်းအနားတက်ရောက်ဖို့ အတည်ပြုထားပြီးဖြစ်သလို ကနေဒါနဲ့ ဩစတြေးလျဝန်ကြီးချုပ်တို့ကလည်း အခမ်းအနားတက်ရောက်ဖို့ အတည်ပြုထားခဲ့ပြီးဖြစ်ပါတယ်။ 

ဥရောကကော်မရှင် ဥက္ကဋ္ဌ၊ စပိန်ဘုရင်နဲ့ ဘုရင်မတို့လည်း အခမ်းအနား တက်ရောက်ကြမှာဖြစ်ပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်တိုက်ထုတ်နေရတဲ့ ယူကရိန်းသမ္မတ ဗလာဒီမယာဇလန်းစကီးကတော့ အခမ်းအနားတက်ရောက်နိုင်မယ်မထင်ဘူးလို့ ဆိုပါတယ်။ 

ဒါ့ပေမယ့် ဇလန်းစကီးဟာ ဘုရင်မကြီးအတွက် ဝမ်းနည်းကြောင်း အမှတ်တရစာအုပ်မှာတော့ အချိန်ပေးပြီး လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

ဘုရင်မကြီးရဲ့ ဈာပနတက်ရောက်ဖို့လာကြမယ့် ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင်တွေကို ပုဂ္ဂလိကလေယာဉ်တွေနဲ့သာ လန်ဒန်ကိုလာကြဖို့နဲ့ လေဆိပ်ကနေ အခမ်းအနားကျင်းပမယ့် ဝက်စ်မင်စတာအက်ဘေ ဘုရားကျောင်းကို ဘတ်စ်ကားတွေနဲ့ သွားကြိုပေးမယ်လို့ သတင်းထွက်နေတဲ့အပေါ် အတည်ပြုဖို့ မေးမြန်းရာမှာတော့ ဗြိတိန်ဝန်ကြီးချုပ်ရုံးက ပြန်လည်ဖြေကြားဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013