DVB Logo
Home
မြန်မာသတင်း
လပေါင်း ၂၀ အတွင်း တိုက်ပွဲပေါင်း ၆၃၀၀ ကျော်ဖြစ်၊ စစ်ကောင်စီနှင့် BGF ဘက်မှ အယောက် ၅၀၀၀ ကျော်သေဆုံးဟု ကေအန်ယူပြော
DVB
·
September 13, 2022
လပေါင်း ၂၀ အတွင်း တိုက်ပွဲပေါင်း ၆၃၀၀ ကျော်ဖြစ်၊ စစ်ကောင်စီနှင့် BGF ဘက်မှ အယောက် ၅၀၀၀ ကျော်သေဆုံးဟု ကေအန်ယူပြော
Donate to DVB

ပြီးခဲ့တဲ့ ဩဂုတ်လကုန်အထိ အချိန် ၁ နှစ်ခွဲကျော်အတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်တွေနဲ့ အာဏာသိမ်းအကြမ်းဖက်စစ် ကောင်စီတပ်၊ နယ်ခြားစောင့်တပ် (BGF) တပ်တွေကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ်၊ ပျောက်ကြားတိုက်ပွဲပေါင်း ၆,၃၅၆ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (BGF) တွေဘက်က ၅,၁၂၅ ယောက် သေဆုံးခဲ့ကာ ၄,၁၇၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီထုတ်ပြန်ချက်ကိုတော့ ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ၂၀၂၁ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ လပေါင်း ၂၀ အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကို စာရင်းပြုစုထုတ်ပြန်ထားတာ ဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ဖွဲ့တွေဘက်ကတော့ ၁၃၇ ယောက် အသက်စွန့်ခဲ့ရပြီး ၃၅၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ဖွဲ့တွေဟာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်တွေရဲ့ အခြေစိုက်စခန်းကြီး ၉ လုံးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကေအန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာတော့ အာဏာမသိမ်းမီ ကာလကတည်းက ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နဲ့ မူတြော်ခရိုင် တပ်မဟာ (၅) နယ်မြေတွေထဲမှာ ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားခဲ့ပြီး အာဏာသိမ်းမှုဖြစ်စဉ် ဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာတော့ ထိတွေ့တိုက်ပွဲတွေ နေ့တိုင်း ဖြစ်ပွားနေတာလို့ ဆိုပါတယ်။

ဒီကာလတွေအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (BGF) တပ်တွေဟာ ပြည်သူလူထု နေထိုင်တဲ့ ကျေးရွာတွေ၊ လုပ်ကိုင်စားသောက်တဲ့ လုပ်ငန်းခွင်တွေထဲကို လက်နက်ကြီး စုစုပေါင်း ၄,၄၅၆ လုံးကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေနဲ့ လေကြောင်းက တိုက်ခိုက်တာတွေ၊ ကျေးရွာနဲ့ လုပ်ငန်းခွင်တွေထဲ လေကြောင်းက ပစ်မှတ်ထား တိုက်ခိုက်တာတွေ စုစုပေါင်း ၁၁၇ ကြိမ် ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူ ၁၃၁ ယောက်သေဆုံးခဲ့ပြီး ၂၉၄ ယောက်ကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ပြည်သူ ၄၁၂ ယောက်ကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး ခြိမ်းခြောက်စစ်ဆေးတာ၊ ပေါ်တာအဖြစ် အသုံးပြုတာ၊ လူသားဒိုင်းကာအဖြစ် အသုံးပြုတာတွေလည်း ပြုလုပ်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိမှာတော့ အရပ်သားပြည်သူ ၃၇၁,၉၅၈ ယောက်ဟာ သူတို့ပိုင်ဆိုင်တဲ့ အိုးအိမ်တွေနဲ့ လုပ်ငန်းခွင်တွေကို စွန့်ခွာပြီး အသက်ဘေးလုံခြုံရာ နေရာဒေသတွေဆီ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အဲဒီထဲမှာ ကလေးသူငယ်တွေ၊ ကျောင်းသားကျောင်းသူတွေ၊ မသန်စွမ်းတွေ၊ သက်ကြီးရွယ်အိုတွေလည်း အများအပြား ပါဝင်နေတာကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း အများအပြား လိုအပ်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲစတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇၀၀၀ ကျော်လောက် ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ  တိုင်းပြည်နယ်မြေ အကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့  NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ပတ်သက်လို့ အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013