DVB Logo
Home
မြန်မာသတင်း
ခုခံတော်လှန်စစ် ၁ နှစ်တာအတွင်း အရပ်သား ၃၀၀၀ ကျော်သေဆုံး၊ စစ်ကိုင်းတိုင်းက စစ်ကောင်စီ အကြမ်းဖက်မှု အများဆုံးဖြစ်
DVB
·
September 12, 2022
ခုခံတော်လှန်စစ် ၁ နှစ်တာအတွင်း အရပ်သား ၃၀၀၀ ကျော်သေဆုံး၊ စစ်ကိုင်းတိုင်းက စစ်ကောင်စီ အကြမ်းဖက်မှု အများဆုံးဖြစ်
Donate to DVB

ပြည်သူ့ခုခံတော်လှန်စစ် ၁ နှစ်တာအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ ၃,၀၁၀ ယောက် သေဆုံးခဲ့ရပြီး စစ်ကိုင်းတိုင်းဒေသကြီးကတော့ စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှု ဖြစ်စဥ်အများဆုံး ဖြစ်ပွားခဲ့တဲ့ ဒေသဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီကာလတွေအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အရပ်သားပြည်သူ အရေအတွက်ကတော့ ၁,၉၃၃ ယောက်ရှိခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ အရပ်သားအရေအတွက်ကတော့ ၁၄,၁၁၉ ယောက်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီအချက်အလက်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကနေ အခုနှစ် သြဂုတ်လအထိ ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်တာကာလအတွင်းမှာ  လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်နဲ့ မြေပြင်သတင်းတာဝန်ခံတွေက ပေးပို့လာတဲ့ အချက်အလက်တွေအပေါ် အခြေခံထားတာဖြစ်ပြီး မြေပြင်မှာတော့ ကိန်းဂဏန်းတွေ ပိုမိုများနိုင်တယ်လို့လည်း ဖော်ပြပါတယ်။

စစ်ကောင်စီတပ်သား သေဆုံးမှုမှာတော့ ပြည်သူ့ခုခံတော်လှန်စစ် ၁ နှစ်အတွင်းမှာ စုစုပေါင်း ၂၀,၅၈၉ ယောက်ထိ သေဆုံးခဲ့ပြီး ၇,၃၁၃ ယောက်ကတော့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ ၂၀၂၂ခုနှစ် မေလမှာတော့ စစ်ကောင်စီတပ်သား ၂,၅၂၄ ယောက်အထိ သေဆုံးခဲ့ကာ တစ်နှစ်တာကာလအတွင်း စစ်ကောင်စီတပ်သား အများဆုံးသေဆုံးခဲ့တဲ့ လဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်နယ်နဲ့တိုင်းအလိုက် တိုက်ပွဲတွေနဲ့ ပဋိပက္ခဖြစ်စဉ်တွေမှာတော့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးက အကြိမ်ရေ ၂,၈၄၀၊ မကွေးတိုင်းဒေသကြီးက ၈၄၅ ကြိမ်စီနဲ့ အများဆုံး ဖြစ်ပွားခဲ့တာကို တွေ့ရပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှု ၆,၃၀၅ ကြိမ်နဲ့ ပြည်သူ့ခုခံတော်လှန်စစ် ၆,၁၃၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013