DVB Logo
Home
မြန်မာသတင်း
ကော်စမွီဟိုတယ်မှ ဘတ် ၁၇ သန်းဖိုး ပစ္စည်းများခိုးယူခံရမှုတွင်မြန်မာလုပ်သား ၃ ဦးပါ ဖမ်းဆီးခံရ
DVB
·
September 12, 2022
ကော်စမွီဟိုတယ်မှ ဘတ် ၁၇ သန်းဖိုး ပစ္စည်းများခိုးယူခံရမှုတွင်မြန်မာလုပ်သား ၃ ဦးပါ ဖမ်းဆီးခံရ
1 / 4
Donate to DVB

ထိုင်းတောင်ပိုင်း၊ ကော်စမွီကျွန်းပေါ်က  Chaweng Blue Lagoon The Teak Wing ဟိုတယ်မှာ အခုစက်တင်ဘာလဆန်းပိုင်းက ဟိုတယ်ထဲရှိ ပရိဘောဂပစ္စည်းတွေနဲ့ အဆောက်အအုံ အစိတ်အပိုင်းတွေ ခိုးယူခံရမှုမှာ ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ ကြံရာပါ သံသယရှိသူအဖြစ် ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား  ၃ ဦး ရှေ့နေငှားခငွေ မရှိတာကြောင့် အခက်အခဲကြုံ နေရပါတယ်။

အဆိုပါဟိုတယ်ဟာ အခန်းပေါင်း ၃၄၈ ခန်းရှိ ကြယ် ၄ ပွင့်အဆင့်မြင့်ဟိုတယ်ဖြစ်ပြီး ဂျာမနီနိုင်ငံသား ၁ ဦးက နှစ်ပေါင်း ၃၀ ငှားရမ်းလုပ်ကိုင်နေရာမှာ ကိုဗစ်-၁၉ ကပ်ဘေး ကာလရောက်တော့ ပိုင်ရှင်ကို ပြန်အပ်ထားတာပါ။ 

ဟိုတယ်လုပ်ငန်းရပ်ဆိုင်းထားလို့ လုံခြုံရေးအစောင့်လည်း မထားတော့ကြောင်း၊ လက်ရှိကိုဗစ် အခြေအနေဖြေလျှော့လာလို့ ဟိုတယ်လုပ်ငန်းပြန်စဖို့ အဆောက်အဦတွေကို ပြန်လည်မွမ်းမံပြင်ဆင်ဖို့ လာရောက်စစ်ဆေးရာမှာတော့ ဟိုတယ်ခန်းထဲက ခုတင်၊ စားပွဲ၊ ဆိုဖာ၊ ဗီရို၊ မှန်တင်ခုံ၊ ရေအိမ်ဇလား၊ အဲယားကွန်း၊ မီးချောင်း၊ ရေပူရေအေးစက်၊ ပြတင်းမှန်၊ ဓာတ်လှေကားနဲ့ ဖြုတ်လို့ရတဲ့ မှန်တွေ၊ သံတိုသံစ၊ မူလီ၊ ဝိုင်ယာကြိုးတွေပါ အားလုံး ပျောက်ဆုံးကုန်တယ်လို့ ဟိုတယ်ပိုင်ရှင် နန်းယုမ်းနားဖူးလ်ဆဝဒီက သတင်းထောက်တွေကို ပြောပါတယ်။ 

သူခိုးတွေဟာ စားဝတ်နေရေးခက်ခဲလို့ နည်းနည်းပါးပါးယူသွားရင် ကိစ္စမရှိကြောင်း၊ အခုဟာက ခန့်မှန်းခြေ ဘတ်သန်းပေါင်း ၇၀ လောက်ကို ယူသွားတော့ တော်တော်တရားလွန်တယ်လို့ ပိုင်ရှင်က ပြောပါတယ်။ 

ရဲတပ်ဖွဲ့ကတော့ ပျောက်ဆုံးစာရင်းတွေကို ပြန်လည်စိစစ်နေရာမှာ လောလောဆယ် တန်ဖိုး ဘတ် ၁၇ သန်းကျော် တွေ့ရှိကြောင်း၊ ကန်ထရိုက်တာထိုင်းအမျိုးသမီး ၁ ဦးရဲ့ ဂိုဒေါင်ထဲမှာ ဟိုတယ် ပရိဘောဂနဲ့ ဆောက်လုပ်ရေးအပစ္စည်းတော်များများကို ရှာဖွေတွေ့ရှိတာကြောင့် အဆိုပါအမျိုးသမီးနဲ့တကွ ကြံရာပါသံသယရှိ လူပေါင်း ၉ ဦးကို ဖမ်းဆီးထားပြီး အဲဒီထဲမှာ မြန်မာအလုပ်သမား ၃ ဦးလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

မြန်မာအလုပ်သမား ၃ ဦးဟာ အလုပ်ရှင်ကန်ထရိုက်တာ အမျိုးသမီးက ခိုင်းတဲ့အတိုင်းသာ လိုက်လုပ်ရတာဖြစ်ပြီး လုပ်အားခကလွဲလို့ ဟိုတယ်ထဲက ဘာပစ္စည်းမှ မယူရကြောင်း၊ ဒါပေမဲ့ အလုပ်ရှင်က ဘာမှအကာအကွယ်မပေးတာကြောင့် ရောပြီးအဖမ်းခံလိုက်ရတာလို့ ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမားရဲ့ မိခင်ဖြစ်သူ ဒေါ်လီလီက ဒီဗွီဘီကို ပြောပါတယ်။ 

 “အဖမ်းခံရတာ ကျမသားနဲ့ ချွေးမပြီးတော့ သူ့သူငယ်ချင်းပါရှင့်၊  သားနဲ့ သူ့သူငယ်ချင်းက အသက် ၂၀ ကျော်၊ ချွေးမက ၁၉ နှစ်ပဲ ရှိပါသေးတယ်။ အဲဒီမှာ နေ့စားအလုပ်သွားလုပ်တာ  ၂ ရက်ပဲ ရှိပါသေးတယ်၊ ခေါ်တုန်းကတော့ ပစ္စည်းသယ်ဖို့ပဲ။ ဟိုရောက်တော့ သံတွေ ဖြတ်ခိုင်းတယ်။ သူတို့သံဖြတ်တုန်းက အဲဒီမှာ တခြားလူတွေလည်း အများကြီးရှိနေတာ။ ခိုးတယ်လို့ လုံးဝမထင်ဘူး။  ဖြတ်ပြီးတဲ့သံတွေ ၆ ဘီးကားပေါ် တင်ပေးရတယ်။ လုပ်အားခကို သားက ၁၀၀၀ ရတယ်။ ချွေးမက သိပ်မလုပ်နိုင်တော့ ၅၀၀ ရတယ်။ နောက် စက်တင်ဘာ ၃ ရက်နေ့မှာ တရက် ထပ်ငှားတယ်။ ညနေပိုင်း လုပ်အားခ ပိုက်ဆံစောင့်ယူနေတုန်းမှာ အဖမ်းခံရတာပါ၊ ထိုင်းလူမျိုးတွေလည်း ပါတယ် အဖမ်းခံရတယ်၊ ၄ ရက်နေ့ မနက်ပြန်လွတ်လာပြီး ၆ ရက်နေ့ကျတော့ အိမ်မှာ ပြန်လာဖမ်းတယ်။ ကျမ သားသမီးတွေက တကယ်မှမခိုးရဘဲ။ အဲဒါကြောင့် စိတ်သန့်သန့်နဲ့ တရားတဲ့အတိုင်းဖြစ်မှာပါ ဆိုပြီး ကျမကိုယ်တိုင် ကလေးတွေကို ထည့်လိုက်တာ၊ ၇ ရက်နေ့ကျတော့ သား ဖုန်းဆက်လာတာ သူတို့ကို ထောင်ထဲ ထည့်လိုက်ပြီတဲ့။ ထိုင်းမက သူတို့အားလုံး တူတူခိုးတယ်လို့ ထွက်ဆိုလိုက်လို့တဲ့၊ ထောင်ဝင်စာလည်း ပေးမတွေ့ဘူး။”

အဖမ်းခံထားရတဲ့ သားသူငယ်ချင်းရဲ့ ဇနီးဟာ ကိုယ်ဝန်နဲ့ဖြစ်ပြီး မိမိချွေးမမှာလည်း ကိုယ်ဝန် လွယ်ထားလို့ အားလုံးအတွက် အလွန်စိတ်ပူကြောင်း၊ သူဟာ ကိုဗစ်-၁၉ ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်နေပြီး  သားသမီးတွေလည်း အလုပ်ရှိတလှည့် မရှိတလှည့်မို့ စားဝတ်နေရေး ကျပ်တည်းစဉ် အခုလို အမှုလာဖြစ်တော့ အခက်အကြုံနေရတယ်လို့ ဒေါ်လီလီက ပြောပါတယ်။

သားသမီးတွေမှာ ခိုးမှုမကျူးလွန်ရဘူးဆိုတာ သက်သေတွေလည်းရှိပေမဲ့ ရှေ့နေငှားခငွေ မရှိတာကြောင့် အလုပ်သမားအဖွဲ့အစည်းနဲ့ ဘန်ကောက် ထိုင်းမြန်မာသံရုံးကိုပါ အကူအညီတောင်းထားပြီး သံရုံးက မနေ့ညက အချက်အလက်တွေ‌တောင်းလို့ ပို့ထားပေးပြီလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းတောင်ပိုင်း ဖန်င အခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း FED မှ ရွှေ့ပြောင်းလုပ်သားရေးရာ တာဝန်ခံ ကိုမင်းဦးကလည်း အလုပ်ရှင်တွေက ဥပဒေချိုးဖောက်တဲ့ အလုပ်လုပ်တာကို အလုပ်သမားတွေက ဘုမသိဘမသိနဲ့ ရောပြီးအဖမ်းခံရတဲ့ အဖြစ်မျိုး အရင်ကလည်း မကြာမကြာ ဖြစ်ခဲ့ကြောင်း၊ မိမိဘက်က မကျူးလွန်ဘဲ မတရားအဖမ်းခံရတာကို ပြန်ရင်ဆိုင်ဖို့ မြန်မာသံရုံးကို ဆက်သွယ်ဖို့ အကြံပြုထားကြောင်း ဒီဗွီဘီကို ပြောပါတယ်။ 

“အလုပ်ရှင်တွေက ခိုင်းလို့ အဖမ်းခံရတာ ဒီဟာမျိုးလုပ်ငန်းမှ မဟုတ်ပါဘူး၊ တခြားလုပ်ငန်းတွေမှာလည်း အများကြီးပဲ။ မြန်မာနိုင်ငံသားတွေ အချုပ်ထဲ ထောင်ထဲမှာ နှစ်ရှည်ကျနေရတာ၊    အလုပ်ရှင်က တောထဲမှာ သစ်ခုတ်ခိုင်းတော့ ခုတ်ရတယ်၊ ကြိုးဝိုင်းလား ဘာလား ကျနော်တို့ အလုပ်သမားတွေက သိမှမသိဘဲ။ အလုပ်ရှင်က သစ်တွေရောင်း အကျိုးအမြတ်ရ သက်ဆိုင်ရာက လာစစ်တော့ အလုပ်သမားပါ ဆွဲထည့်ခံရတာ။ အခုလည်း သူတို့မိခင်က ကူညီပေးဖို့ လာတိုင်ထားတယ်။ ကော့်စမွီက ကျနော်တို့နေတဲ့ ဖန်ငနဲ့ တော်တော်ဝေးတဲ့အပြင် ကျနော်လည်း ခရီးထွက်နေလို့ မြန်မာသံရုံးကို အကူအညီတောင်းဖို့ အကြံပေးလိုက်ပါတယ်၊ ကိုယ့်ဘက်က လိုအပ်တဲ့သက်သေ အထောက်အထားတွေလည်း ပြင်ဆင်စုဆောင်းထားဖို့ပေါ့။”

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးဘက်က ဘယ်လိုကူညီ ဆောင်ရွက်ပေးနိုင်မလဲ ဆိုတာကိုတော့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမဲ့ မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013