DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းပြီးနောက် မြန်မာတွင် စာသင်ကျောင်းများတိုက်ခိုက်ခံရမှု ပိုမိုများပြားလာ
DVB
·
September 11, 2022
စစ်အာဏာသိမ်းပြီးနောက် မြန်မာတွင် စာသင်ကျောင်းများတိုက်ခိုက်ခံရမှု ပိုမိုများပြားလာ
Donate to DVB

မြန်မာနိုင်ငံမှာ စာသင်ကျောင်းတွေတိုက်ခိုက်ခံရမှု ၂၀၂၀  ပြည့်နှစ်မှာ  ၁၀ ကြိမ်သာရှိခဲ့ရာမှ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်မှာ အကြိမ်ရေ ၁၉၀ အထိများပြားလာခဲ့တယ်လို့ ကမ္ဘာလုံးဆိုင်ရာပညာရေးတိုက်ခိုက်မှုမှကာကွယ်ရေးအဖွဲ့ (GCPEA)က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၉ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာပညာရေးတိုက်ခိုက်မှုမှ ကာကွယ်ရေး ကုလသမဂ္ဂရဲ့ အထိမ်းအမှတ်နေ့မှာ  အစီရင်ခံစာထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ စာသင်ကျောင်းတွေကို တိုက်ခိုက်ခံရတဲ့ တိုင်းဒေသကြီးနဲ့  ပြည်နယ် ၁၃ ခုအထိရှိလာခဲ့ပြီး အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်တုန်းကတော့ ကျောင်းတွေ တိုက်ခိုက်ခံခဲ့ရတဲ့ တိုင်းနဲ့ ပြည်နယ် ၃ ခုပဲရှိခဲ့တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်း စစ်ရေးအတွက် အသုံးချခံခဲ့ရတဲ့ စာသင်ကျောင်းတွေရဲ့ လေးပုံတစ်ပုံဟာ ပစ်မှတ်ထားတိုက်ခိုက်ခံရတာ၊ သက်ဆိုင်ရာကျောင်းက ကျောင်းသားတွေနဲ့ ဆရာတွေ အသက်အန္တရာယ်ခြိမ်းခြောက်မှုခံရတာ၊ အဆောက်အဦနဲ့ပညာရေးအသုံးအဆောင်တွေ ဖျက်ဆီးခံရတာတို့ ကြုံခဲ့ရတယ်လို့ GCPEA ကပြောပါတယ်။

GCPEA ရဲ့ အမှုဆောင်ဒါရိုက်တာ ဒီယာနစ်ဂျောင်းက “မြန်မာနိုင်ငံက လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို အသုံးပြုတာကနေ တတ်နိုင်သမျှရှောင်ကြဉ်ကြစေလိုပါတယ်၊ စာသင်ကျောင်းတွေကို စစ်ရေးအတွက်အသုံးချတာဟာ ကျောင်းသားတွေအကြမ်းဖက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာအနိုင် ကျင့် နှောင့်ယှက်ခံရတာ၊ ကလေးသူငယ်တွေကို လက်နက်ကိုင်အဖွဲ့တွေထဲ ဝင်ရောက်ဖို့ ခေါ်ဆောင်ခံရတာ၊ စာသင်ကြားရာနေရာ၊ ကျောင်းသားတွေနဲ့ ဆရာတွေကို ပစ်ကွင်းထဲ ရောပါစေတာစတဲ့ အန္တရာယ်တွေကို ဖြစ်စေနိုင်တယ်”လို့  ပြောပါတယ်။

မြန်မာနိုင်ငံက စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေအပါအဝင် တကမ္ဘာလုံးက လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြားမှာ သင်ကြားရေးကို ထိခိုက်နစ်နာစေမှုမရှိအောင် သတိထားသင့်သလို ကျောင်းနယ်မြေတွေမှာ တိုက်ခိုက်စစ်ဆင်နေတာကို  ရှောင်ကြဉ်ကြဖို့လည်း တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ပညာရေးနယ်မြေတွေကို တိုက်ခိုက်ခံရခြင်းနဲ့ စစ်ရေးအတွက်အသုံးချခံရခြင်းရဲ့ အကျိုးသက်ရောက်မှု အစီရင်ခံစာမှာလည်း ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံက ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို စစ်ရေးအတွက် အသုံးချမှု အကြိမ်ရေပေါင်း ၁၇၀ ကျော်အထိရှိခဲ့တယ်လို့ တင်ပြမှတ်တမ်းတင်ထားတာရှိခဲ့ပါတယ်။

မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ စာသင်ကျောင်းတွေမှာ စခန်းချတာတွေ၊ ထိန်းသိမ်းရေးစခန်းအဖြစ် အသုံးချတာတွေ၊ လက်နက်သိုလှောင်တာတွေသာမကပဲ တိုက်ခိုက်ရေးအတွက် နေရာယူတာတွေပါရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ကျောင်းစာသင်ခန်းတွေပျက်စီးခဲ့ရတာရှိသလို   လက်နက်ကိုင်တပ်တွေရှိ နေတာက ကျောင်းသားတွေအတွက်လည်း  အန္တရာယ်ရှိစေခဲ့ပါတယ်။ အဲဒီလိုဖြစ်ရပ်တွေကြောင့် စာသင်ကျောင်းတွေကို ပိတ်ပစ်ကာ တခါတရံ စာသင်ချိန်တွေ နှစ်နဲ့ချီနောက်ဆုတ်ပစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ကျောင်းသူမိန်းကလေးရှင် မိသားစုတွေဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စောက်ကားတာနဲ့ အကြမ်းဖက်ခံရခြင်းတို့ ကြုံရမှာကြောက်တာကြောင့် သူတို့ရဲ့ သမီးမိန်းကလေးတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေတပ်စွဲထားတဲ့ ကျောင်းတွေကိုလွှတ်ဖို့ စိုးရိမ်ကြပါတယ်။

၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးက စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို စစ်ရေးမှာ အသုံးချမှုအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တယ်လို့ GCPEA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ စာသင်ကျောင်းတွေကို စစ်ရေးအတွက်အသုံးချမှု  ၂၄ နိုင်ငံမှာဖြစ်ပွားခဲ့ပြီး ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်ကာလအတွင်းနဲ့ နှိုင်းယှဉ်ရင် နှစ်ဆ တိုးလာခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စာသင်ကျောင်းတွေဟာ အရပ်သားတို့ပိုင်နက်ဖြစ်တယ်ဆိုတဲ့ အချက်ကိုလေးစားလိုက်နာဖို့ ပဋိပက္ခဖြစ်ပွားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေအားလုံးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီကတိုက်တွန်းထားတဲ့ သဘောထားထုတ်ပြန်ချက် ၂၆၀၁ (၂၀၂၁) ကိုလိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။

အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့လည်း ပညာရေးဆိုင်ရာနယ်မြေတွေကို ကာကွယ်ဖို့ သဘောတူညီချက်အပါအဝင် လက်နက်ကိုင်ပဋိပက္ခတွေရဲ့အန္တရာယ်ကနေ ကလေးသူငယ်တွေကို ကာကွယ်ဖို့သဘောတူညီချက်တွေပါဝင်တဲ့ ဂျီနီဗာကော (Geneva Call) အဖွဲ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက်မှာ ပါဝင်လက်မှတ်ရေးထိုးသင့်တယ် လို့ဆိုပါတယ်။

စက်တင်ဘာ ၉ ရက်နေ့ကို နိုင်ငံတကာပညာရေးတိုက်ခိုက်မှုမှကာကွယ်ရေးနေ့အဖြစ် ၂၀၁၉ ခုနှစ်ကကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013