DVB Logo
Home
မြန်မာသတင်း
အိုင်အန်ဂျီအိုများ ရခိုင်ကိုဝင်ရင် လုပ်ငန်းအသေးစိတ် တင်ပြရမည်
DVB
·
April 23, 2014
အိုင်အန်ဂျီအိုများ ရခိုင်ကိုဝင်ရင် လုပ်ငန်းအသေးစိတ် တင်ပြရမည်
Donate to DVB

ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်မယ့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့စည်းတွေနဲ့ နိုင်ငံတကာအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ လုပ်ငန်းအသေးစိတ် မတင်ပြရင် လုပ်ခွင့်ပေးမှာ  အရေးပေါ် ပေါင်းစပ် ညှိနှိုင်းရေး စင်တာက ဒီကနေ့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။

အရေးပေါ်ပေါင်းစပ် ညှိနှိုင်းရေး စင်တာ (အီးစီစီ) အဖွဲ့ဝင်တွေရဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေး ပွဲမှာ အခုလို ဆွေးနွေးဆုံဖြတ်လိုက်တာ ဖြစ်ပါတယ်။

[caption id="attachment_55356" align="alignright" width="300"]အိုင်အန်ဂျီအိုရုံးတွေ ပြီးခဲ့တဲ့ မတ်လအတွင်း အကြမ်းဖက်ခံပြီးနောက် တွေ့ရစဉ် အိုင်အန်ဂျီအိုရုံးတွေ ပြီးခဲ့တဲ့ မတ်လအတွင်း အကြမ်းဖက်ခံပြီးနောက် တွေ့ရစဉ်[/caption]

ရခိုင်ပြည်နယ် နယ်စပ်နဲ့ လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးမြအောင်၊ ရခိုင်တိုင်းရင်းသားမြို့မိမြို့ဖ ၃ ဦးနဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အီးစီစီ အဖွဲ့ဝင်တွေဟာ ဒီကနေ့ အစည်းဝေးပြုလုပ်ခဲ့ တာဖြစ်ပါတယ်။

ဒီအစည်းအ၀းအတွင်း ယူအန်အပါအ၀င် အိုင်အန်ဂျီအိုအဖွဲ့တွေ ရုံးဖွင့်ဖို့နဲ့ လုပ်ငန်းပြန်ဖွင့်နိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ အီးစီစီ အဖွဲ့ဝင် စစ်တွေမြို့ခံ ဦးသန်းထွန်းက ပြောပါတယ်။

“ဒီနေ့အစည်းအဝေးမှာ အဓိကအချက် နှစ်ခုရှိတယ်။ ပထမတခုက ယူအန်အပါအ၀င် အိုင်အန်ဂျီအိုတွေ၊ ရုံးစိုက်ဖို့နဲ့ နေထိုင်ဖို့ နေရာအဖြစ် စစ်တွေမြို့ တောင်ဘက်အစွန်းမှာပဲ ငှားလို့ ရသလောက်နေကြပေါ့၊ အဲလို ဆုံးဖြတ်ချက်ရှိပါတယ်။ နောက်တချက်က ယူအန်တွေ၊ အိုင်အန်ဂျီအိုတွေ လုပ်ငန်း ပြန်လည်စတင်နိုင်ဖို့အတွက် သူတို့ တင်ပြတယ်။ ဒါပေမယ့် အီးစီစီဘက်က သူတို့ရဲ့ လုပ်ငန်းအသေးစိတ်ကို မတင်ပြနိုင်ဘဲနဲ့ လုပ်ခွင့်မပေးနိုင်ဘူးဆိုတဲ့အကြောင်း ဆုံးဖြတ်ကြပါတယ်။ အဓိပ္ပာယ်က ဘယ်နေရာမှာ ဘာတွေလုပ်မယ်၊ ဘယ်သူ့ကို ဘယ်လောက်ပံ့ပိုးမယ်ဆိုတာတွေကို ပွင့်လင်းမြင်သာစွာ မတင်ပြနိုင်ဘဲနဲ့ လုပ်ငန်း ပြန်လည်စတင်ခြင်း မလုပ်ကြဖို့ ဆုံးဖြတ်ကြတယ်။”

ဒါ့အပြင် အိုင်အန်ဂျီအိုတွေ ပြန်လည်ဝင်ရောက်လုပ်ကိုင်တဲ့နေရာမှာ နယ်စည်းမခြားဆရာဝန်များအဖွဲ့နဲ့ မာတီဇာအဖွဲ့ကို လုပ်ကိုင်ခွင့်မပြုဖို့လည်း ဒေသခံမြို့မိမြို့ဖတွေက တင်ပြဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

“ဒီနေ့အစည်းအဝေးမှာပဲ မြို့မိမြို့ဖ နှစ်ဦးဖြစ်တဲ့ ဦးသာပွင့်နဲ့ ဦးသန်းထွန်းက ပြတ်ပြတ်သားသား ပြောပါတယ်။ ယူအန်၊ အိုင်အန်ဂျီအိုတွေ ပြန်လည်ဝင်ရောက်လုပ်ကိုင်တဲ့နေရာမှာ နယ်စည်းမခြားနဲ့ မာတီဇာတို့ လုပ်ကိုင်မယ်ဆိုရင် ပဋိပက္ခကြီး ထပ်မံဖြစ်ပွားဖို့ လက်ယပ်ခေါ်သလို ဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီအဖွဲ့ ၂ ဖွဲ့ ၀င်ရောက်မယ်ဆိုရင် လုံးဝသဘောတူညီခြင်း မရှိပါဘူး။ အကယ်၍ အဲဒီအဖွဲ့ ၂ ဖွဲ့ ၀င်ရောက်လုပ်ကိုင်မယ်ဆိုရင် ရခိုင်တိုင်းရင်းသားတွေ ကိုယ်စားပြု ပါဝင်ထားတဲ့ အီးစီစီအဖွဲ့အစည်းအဝေးကို မတက်နိုင်ဘူးဆိုပြီး ပြောခဲ့ပါတယ်။  လောလောဆယ်အနေအထားမှာ အဲဒီ၂ ဖွဲ့ စစ်တွေပတ်ဝန်းကျင်မှာ တစုံတရာ လုပ်ဆောင်ခြင်း မရှိသေးဘူး။ လုပ်လို့လည်း ရမှာမဟုတ်ဘူးလို့ ပြောခြင်ပါတယ်။”

ဒီကနေ့ ထုတ်ပြန်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာကတော့  ရခိုင်ပြည်နယ်အတွင်း ဧပြီလ ဆန်းပိုင်းကနေ ၂၂ ရက်နေ့အထိ  ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့စည်းတွေနဲ့ နိုင်ငံတကာ အစိုးရမဟုတ် သောအဖွဲအစည်းများ (အိုင်အန်ဂျီအို)  အဖွဲ့ ၁၀ ဖွဲ့ကျော် ပြန်လည်ဝင်ရောက်လုပ်ကိုင်ဆောင်ရွက်နေပြီလို့ ပြောပါတယ်။

စစ်တွေမြို့ပေါ်မှာ အဖွဲ့ ၁၀ ဖွဲ့နဲ့ မောင်တောမြို့မှာ အဖွဲ့ ၄ ဖွဲ့ ရောက်ရှိနေပြီလို့ ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်နေတဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအစိုးရမဟုတ်တဲ့အဖွဲပအစည်းပေါင်း ၂၃ ဖွဲထဲက ၁၁ ဖွဲ့၊ နိုင်ငံခြားသား ၃၃ ယောက် ရောက်ရှိ လုပ်ငန်းဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

 ဒီအဖွဲ့အစည်းတွေဟာ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေနဲ့ MoU လက်မှတ်ရေးထိုးပြီး ပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ၊ အရေးပေါ်လူနာသယ်ပို့ရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ သောက်သုံးရေ ရရှိရေးတို့အပါအ၀င် ဒေသဖွံဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့  ဖော်ပြထားပါတယ်။

ကုလသမဂရဲ့ မြန်မာနိုင်ငံရုံး ပြန်ကြား ရေးအရာရှိ ဦးအေးဝင်းကတော့ လုပ်ငန်းဆောင်ရွက်ခွင့်ရထားပေမယ့် ရုံးတွေပြန်လည်ထူထောင်ဖို့ ငှားရမ်းရာမှာ အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မတ် ၂၆ ရက်နေ့နဲ့ ၂၇ ရက်တွေက  ကုလသမဂ္ဂနဲ့ အိုင်အန်ဂျီ အိုအဖွဲ့အစည်းတွေ အကြမ်းဖက်ခံရတဲ့နောက်ပိုင်း အိုင်အန်ဂျီအိုတွေ ရခိုင်ပြည်နယ်ကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ယူအန်လက်အောက်ခံအဖွဲ့အစည်းနဲ့ နိုင်ငံတကာအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ ရခိုင်ပြည်နယ်အတွင်း ပြန်လည်လုပ်ကိုင်နိုင်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံရုံး ပြန်ကြား ရေးအရာရှိ ဦးအေးဝင်းနဲ့ ဆက်သွယ်မေးမြန်းထားတာ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013