
မကွေးတိုင်း၊ ပခုက္ကူမြို့မှာ စက်တင်ဘာ ၈ ရက်ညက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးရဲ့ နေအိမ် ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပခုက္ကူမြို့ အမှတ် (၃) ရပ်ကွက်၊ သီရိမာလာလမ်းထဲမှာနေထိုင်တဲ့ ပခုက္ကူခရိုင်ထွေအုပ်ရုံးက ဒုဦးစီးမှူး ဦးသန်ဇင်ဌေးရဲ့နေအိမ်ကို စက်တင်ဘာလ ၈ ရက် ည ၁၂ နာရီလောက်မှာ ဓားပြ ဝင်တိုက်သွားတာလို့ ပခုက္ကူမြို့ အမှတ် ၃ ရပ်ကွက်နေသူ တဦးက ပြောပါတယ်။
အဲဒီ ဒုဦးစီးရဲ့ မိသားစုဟာ ရွှေပန်းတိမ်လုပ်ငန်းနဲ့ ဆုံဆီလုပ်ငန်းလုပ်ကိုင်ပြီး ငွေကျပ် သိန်း ၂၀၀ နဲ့ ရွှေ ၁၁ ကျပ်သား ဓားပြအတိုက်ခံရတာဖြစ်ပြီး ဘယ်အဖွဲ့ကတိုက်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ပခုက္ကူမြို့မှာ ဇူလိုင် ၄ ရက်မနက်ကလည်း မြို့မစျေးရှိ ရှမ်းဧကရီ ရွှေဆိုင် ဓားပြအတိုက်ခံရလို့ ရွှေထည်ပစ္စည်းတွေနဲ့ ငွေကြေးတွေဆုံးရှုံးခဲ့သလို ဇူလိုင် ၅ ရက် နေ့လယ်ပိုင်းမှာလည်း အထည်ချုပ်စက်ရုံလုပ်သားတွေအတွက် လစာငွေ သိန်း ၂၀၀၀ ကျော်နဲ့ ကားတစ်စီး ဓားပြတိုက်ခံခဲ့ရပါတယ်။