DVB Logo
Home
Lead Story
ဦးဝင်းတင် ကွယ်လွန်သွားသည့်အပေါ် တိုင်းရင်းသားခေါင်းဆောင်များ၏ အမြင်
DVB
·
April 23, 2014
ဦးဝင်းတင် ကွယ်လွန်သွားသည့်အပေါ် တိုင်းရင်းသားခေါင်းဆောင်များ၏ အမြင်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အသက်-၈၅ နှစ် ဟာ ဧပြီ ၂၁ ရက်နေ့ မနက် ၆ နာရီခွဲက ကျောက်ကပ်ရောဂါနဲ့ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။

10171181_4264786796100_7084265794093037737_nဦးဝင်းတင်ရဲ့ ရုပ်ကလာပ်ကို ဒီနေ့ နေ့လယ် ၁၂ နာရီမှ ၅ နာရီထိ ရေးဝေးသုသာန်မှာ အသုဘရှု ဂါဝရပြု အခမ်းအနား ကျင်းပပြီး ညနေ ၅ နာရီ ဂူသွင်း သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်သွားတဲ့အပေါ် တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ အမြင်သဘောထားတွေကို မေးမြန်းထားပါတယ်။

ဦးစိုင်းညွန့်လွင် (အထွေထွေအတွင်းရေးမှူး - ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်)

“ဆရာဦးဝင်းတင်အနေနဲ့ ယုံကြည်ချက် ခိုင်ခိုင်မာမာ ရပ်တည်နေတဲ့ ပုဂ္ဂိုလ်ပါ။ ယုံကြည်တဲ့အတိုင်းလည်း ပြောရဲတယ်။ ပြောဖို့လည်း သူ မကြောက်ဘူး။ ကျနော်တို့အတွက် တော့ စံပြပုဂ္ဂိုလ်ပါ။ တရားမျှတမှု ရှိတယ်။ တိုင်းရင်းသားတွေအတွက်တော့ သီးသန့်မပြောဘူး။ သို့သော်လည်းပဲ မခွဲခြားဘူး။ လူသားအားလုံးအတွက် ပြောတယ်။ သူက ဗမာလူမျိုးဆိုပေမယ့် ဗမာအတွက် သတ်သတ်လုပ်တာ မတွေ့ရဘူး။ အဲအတွက် ကျနော်တို့ သူ့ကို လေးစားပါတယ်။ စံပြပုဂ္ဂိုလ်တယောက် ကွယ်လွန်သွားတယ်လို့  ပြောချင်ပါတယ်။”

နိုင်ငွေသိမ်း (ဥက္ကဋ္ဌ - မွန်အမျိုးသားပါတီ)

“မွန်လူမျိုးတမျိုးလုံးကို သူ့ကို ဂုဏ်ယူပါတယ်။ အာဏာရှင်စနစ် ဆန့်ကျင်တဲ့နေရာမှာ သူက သူမတူအောင် တစိုက်မတ်မတ်လုပ်ခဲ့တဲ့လူဆိုတော့ သိပ်နှမြောတယ်။ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့နေရာမှာ တလျှောက်လုံး မှတ်တမ်းတင်ရမယ့် ပုဂ္ဂိုလ်ပါ။ ဒါကြောင့် သိပ်နှမြောတယ်။ မြန်မာတပြည်လုံးအတွက်သာမက တကမ္ဘာလုံးအတွက်ပဲ ပြောလိုက်ပါတော့။ အာဏာရှင်စနစ်ကို တကယ်ဆန့်ကျင်တဲ့ ပုဂ္ဂိုလ်အဖြစ် ပီသပါတယ်။”

မန်းငြိမ်းမောင် (ဗဟိုကော်မတီဝင် - ကရင်အမျိုးသားအစည်းအရုံး)

“ကျနော်တို့ တိုင်းရင်းသားတွေ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ ကာလမျိုးမှာ ငြိမ်းချမ်းရေးလည်း မရသေးဘူး၊ ဒီမိုကရေစီလည်း မရသေးဘူး။ ဒီလိုလမ်းခုလပ် ကာလမျိုးမှာ ဆရာကြီး ဦးဝင်းတင် ကွယ်လွန်ကျဆုံးသွားခဲ့တဲ့အတွက် တိုင်းပြည်အတွက် အင်မတန်ကြီးမားတဲ့ ဆုံးရှုံးမှုတခုဖြစ်တယ်၊  ပြည်သူတွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဆရာကြီး ဦးဝင်းတင်ဟာ ပြည်သူတွေအတွက် တဘ၀လုံး ကိုယ်ကျိုးစွန့် အနစ်နာခံပြီးတော့ ကိုယ်ယုံကြည်တာကို ပြတ်ပြတ်သားသား ရပ်တည်တိုက်ပွဲဝင်ခဲ့တဲ့ ခေါင်းဆောင်တဦးအဖြစ် ကျနော်တို့ သိထားပါတယ်။

ဗိုလ်မှူးစောလွင် (အထွေထွေအတွင်းရေးမှူးး - ကယန်းပြည်သစ်ပါတီ)

“စစ်အာဏာရှင်စနစ် လက်အောက်က လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင် ကြိုးပမ်းနေကြတဲ့ မြန်မာပြည် တနံတလျားက အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူတွေအတွက် ဘယ်လိုမှ အစားထိုးလို့မရနိုင်တဲ့ နစ်နာဆုံးရှုံးမှုကြီးလို့ ကျနော်တို့ မြင်ပါတယ်။ ကယန်းပြည်သစ်ပါတီဟာ ဟံသာဝတီ ဦးဝင်းတင် ၁၉၈၉ ခုနှစ်မှာ ဖော်ဆောင်လာခဲ့တဲ့ အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြဆိုတဲ့ တိုက်ပွဲခေါ်သံနောက်ကို ဆက်လက်လျှောက်လှမ်းပြီး အများပြည်သူ သဘောမတူတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ရေးဆွဲရေးအတွက် ကြိုးပမ်းဆောင်ရွက်ရင်းနဲ့ ဦးဝင်းတင်ကို အလေးပြုချင်ပါတယ်။”

ဆလိုင်းရွှေခါး (တွဲဖက်အထွေထွေအတွင်းရေးမှူးး-ချင်းအမျိုးသားတပ်ဦး)

“တရားမျှတရေး၊ ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်နေသူတွေအတွက် အစားထိုးမရတဲ့ ခေါင်းဆောင်တဦးအနေနဲ့ မြင်မိပါတယ်။ သူဆုပ်ကိုင်ထားတဲ့ လမ်းစဉ်အပေါ်မှာ ဘယ်လောက်ပဲ ကြမ်းကြမ်း၊ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ သူကတော့ ခိုင်ခိုင်မာရပ်တည်ပြီးတော့ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး၊ အာဏာရှင်ပြုတ်ကျရေးအတွက် တကယ့်ခေါင်းဆောင်မှုပေးတဲ့ ခေါင်းဆောင်တဦးအဖြစ် မြင်မိပါတယ်။”

ဒေါက်တာအေးမောင် (ဒုဥက္ကဋ္ဌ-ရခိုင်အမျိုးသားပါတီ)

“ဆရာကြီး ဦးဝင်းတင် ကွယ်လွန်သွားတာနဲ့ ပတ်သက်လို့ တနိုင်ငံလုံးက ၀မ်းနည်းကြေကွဲကြသလို ကျနော်တို့လည်း တော်တော်လေး စိတ်မကောင်း ဖြစ်ရပါတယ်။ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတခုလို့လည်း ကျနော်တို့ သတ်မှတ်ယုံကြည်ပါတယ်။ ဆရာကြီးဟာ နိုင်ငံရေးနယ်ပယ်အတွက်ရော စာနယ်ဇင်းသမားတွေအတွက်ပါ၊ နောက်ပြီး တနိုင်ငံလုံး ဒီမိုကရေစီတောင်းဆိုမှုကို ပြယုဂ်တခုအဖြစ် မျက်စိဖွင့်ပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးအဖြစ်လည်း သမိုင်းမှာ မှတ်တိုင်အဖြစ် ကျန်ခဲ့မှာ ဖြစ်ပါတယ်။”
Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013