DVB Logo
Home
မြန်မာသတင်း
ရှမ်းနီဆရာတော် ဖမ်းဆီးသတ်ဖြတ်ခံရမှု SNA ရှုတ်ချ၊ လက်တုံ့ပြန်သွားမည်ဟုဆို
DVB
·
September 8, 2022
ရှမ်းနီဆရာတော် ဖမ်းဆီးသတ်ဖြတ်ခံရမှု SNA ရှုတ်ချ၊ လက်တုံ့ပြန်သွားမည်ဟုဆို
Donate to DVB

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ နောင်ပတ်ကျောင်းတိုက်က ဆရာတော် ဦးဂန္ဓမာ စက်တင်ဘာ ၄ ရက်က ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာနဲ့ပတ်သက်လို့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အနေနဲ့ ပြင်းထန်စွာရှုတ်ချပြီး ဘယ်နည်းနဲ့မဆို ပြန်လည်လက်တုံ့ပြန်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မျက်မြင်ရွာသားတွေ ပြောပြချက်အရ ဆရာတော်ဦးဂန္ဓမာကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အဖွဲ့ဟာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ PDF ပူးပေါင်းအဖွဲ့တွေဖြစ်ကြောင်း၊ ဒါဟာ ရှမ်းနီမျိုးနွယ်စုနဲ့ရှမ်းနီဒေသ အလုံးစုံပျက်သုဉ်းရေး ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေတာဖြစ်တယ်လို့ SNA ပြောရေးဆိုခွင့်ရှိသူ စိုင်းအောင်မိန်းက ဒီဗွီဘီကို ပြောပါတယ်။

“လက်ထဲကို လက်နက်ရလာတော့ ဘယ်သူ့ကိုမှ ဘာမှမထင်တော့ဘူး။ သူတို့ထားသလိုပဲ နေရမယ်။ ပြည်သူတွေက အားကိုးရာမဲ့ပြီ။ ကျနော်တို့က ကိုယ့်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကို ဆောင်ရွက်နေတယ်။ ဒါကို နားလည်မှုမရှိဘဲ KIA က တမင် ရည်ရွယ်ချက်ရှိရှိနဲ့ ရှမ်းနီမျိုးနွယ်စုနဲ့ ရှမ်းနီဒေသ အလုံးစုံပျက်သုဉ်းရေးကို လုပ်နေတာ။ ဒါကို PDF တွေက မသိဘဲ KIA ခိုင်းသမျှ လုပ်နေတယ်။ ဒီကိစ္စမှာ NUG က ဝင်ရောက်ဖြေရှင်းပေးရပါလိမ့်မယ်၊ တာဝန်ယူ တာဝန်ခံရပါလိမ့်မယ်။”

ဆရာတော် ဦးဂန္ဓမာဟာ အဖမ်းမခံရခင်က ဘုန်းကြီးဇရပ်မှာ လာတည်းနေတဲ့ KIA၊ PDF အဖွဲ့ကို ဥပုသ်နေ့ ရွာသားတွေ ဥပုသ်လာစောင့်မှာမို့ ဇရပ်ကနေ ဖယ်ပေးဖို့ ပြောခဲ့ကြောင်း၊ အဲဒီကိစ္စ မကျေနပ်လို့ ဖမ်းသွားတာဖြစ်နိုင်ပြီး အဲဒီညမှာပဲ သေနတ်သံတချက် ကြားရတယ်လို့ ရွာသားတွေက ပြောတယ်လို့ဆိုပေမဲ့ အသတ်ခံရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျမသိရသေးပါဘူး။

နောက်ထပ် ရွာသား ၂ ယောက်လည်း အဖမ်းခံရပြီး ပြန်လွတ်လာတော့ ဆရာတော်ဟာ သူတို့ရှေ့မှာတင် ပစ်သတ်ခံရကြောင်း၊  အလောင်းမြှုပ်တဲ့ နေရာလည်း သူတို့ပဲ လိုက်ပြခဲ့တာလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီဗွီဘီက ရွာသားတွေနဲ့ တိုက်ရိုက်ဆက်သွယ်မေးမြန်းလို့ မရသလို KIA၊ PDF ဘက်ကိုလည်း ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

စစ်ကိုင်းတိုင်းအတွင်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ဖွဲ့တွေဟာလည်း စစ်ကောင်စီတပ်တွေနဲ့အတူ ပူးပေါင်းလိုက်ပါ စစ်ကြောင်းထိုးနေပြီး ဒေသတွင်းက  ကျေးရွာတွေကို အကြမ်းဖက်မီးရှို့တာ၊ ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမောက်မြို့နယ်၊ မံစီကြီးရွာမှာ ဩဂုတ် ၈ ရက်က ရှမ်းနီတပ်မတော် (SNA) ရဲ့ ပစ်ခတ်ဖမ်းဆီးသွားတာကို ခံခဲ့ရတဲ့ ရွာသားတယောက် သေဆုံးသွားခဲ့သလို ဟုမ္မလင်းမြို့နယ်မှာ လည်း CDM ကျောင်းအုပ်ဆရာတယောက်ကို ရှမ်းနီတပ်က  ဖမ်းဆီးသတ်ဖြတ် အလောင်းစွန့်ပစ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013