
ရေး-ထားဝယ် ကားလမ်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အခုရက်ပိုင်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လမ်းပိတ်ထားတာကြောင့် ခရီးသွားတွေ မွန်ပြည်နယ် ရေးမြို့နယ်မှာ သောင်တင်ပိတ်မိနေကြတယ်လို့ ရေးဒေသခံတွေက ပြောပါတယ်။
လက်ရှိ လမ်းပိတ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး ခရီးသည်တဦးက “ရေး -မလွှဲတောင် စစ်ဆေးရေးဂိတ်ကနေ ပိတ်ထားတယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက် ခရီးသွားတွေမှာ နှစ်ရက်သုံးရက်လောက်ရှိပြီ ရေးမြို့နယ်က ဧည့်ရိပ်သာတွေမှာ ရာနဲ့ချီ သောင်တင်ပိတ်မိနေပါတယ်။ အများဆုံးက မြန်မာနိုင်ငံအထက်ပိုင်း အလယ်ပိုင်းဒေသ အသီးသီးက လက်နက်ကိုင်ပဋိပက္ခတွေ ပိုမိုဖြစ်များတဲ့ ဒေသဘက်က မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက် သွားရောက်ကြမယ့် ခရီးသွားတွေဖြစ်ပါတယ်” လို့ ပြောပါတယ်။
ရေး-ထားဝယ်-ကားလမ်းမပေါ်မှာ စစ်ကောင်စီ ယာဉ်တန်းတွေဟာ ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ချုံခိုတိုက်ခိုက်ခံရတာ၊ မိုင်းဆွဲတိုက်ခိုက်ခံနေရတာကြောင့် ပြီးခဲ့တဲ့ရက်တွေက စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲတွေ ပြင်းထန်လာနေပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်ကျော်ကာလအတွင်း ဒေသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်လို့ အိုးအိမ်စွန့်ခွာလာကြတဲ့သူတွေ သိန်းနဲ့ချီရှိနေပြီး အိမ်နီးချင်းနိုင်ငံဘက်ကိုထွက်ခွာသွားကြသူတွေမှာလည်း အများပြားရှိနေခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်ရမယ်ဆိုပြီးသွားကြတဲ့ မြန်မာနိုင်ငံသားတွေ ပွဲစားတွေရဲ့ လိမ်လည်ခံရတာ ဖမ်းဆီးခံရတာတွေလည်းရှိသလို တရားမဝင်ခိုးသွားတဲ့သူတွေထဲမှာလည်းထွက်ပြေးဖို့ ကြိုးစားရင်း အသက်ပါဆုံးရှုံးရသူတွေလည်းရှိနေပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ၆ လအတွင်းမှာ စီးပွါးရေး ပြန်လည်ဦးမော့အောင် လုပ်မယ်လို့ ပြောနေပေမဲ့ အောင်မြင်မှုမရဘဲ ပြည်သူတွေ စီးပွါးရေး အကျပ်အတည်းနဲ့ ပိုမိုရင်ဆိုင်နေရပါတယ်။