DVB Logo
Home
မြန်မာသတင်း
ကျွန်းလှမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၁၀၀၀၀ ကျော်ရှိလာ
DVB
·
September 6, 2022
ကျွန်းလှမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၁၀၀၀၀ ကျော်ရှိလာ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဟာ ဩဂုတ် ၂၄ ရက်နေ့က စတင်ကာ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်မီးရှို့ဖျက်ဆီးနေတာကြောင့်  စက်တင်ဘာ ၄ ရက်အထိ  ကျေးရွာ ၂၆ ရွာမှာ စစ်ဘေးရှောင်ဒေသခံ ပြည်သူပေါင်း ၁၀၀၀၀ ကျော်ရှိနေပြီလို့ စာရင်းပြုစုနေတဲ့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ စစ်ကြောင်း ၂ ကြောင်းခွဲကာ ကျွန်းလှမြို့နယ်အတွင်းက ကျေးရွာများကို ဝင်ရောက်ပစ်ခတ် မီးရှို့တာတွေရှိနေပြီး ၁၂ ရက်အတွင်း ကျေးရွာ ၉ ရွာက လူနေအိမ် ၄၀၅ လုံး မီးလောင် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ဝင်တဦးက “စစ်ကောင်စီတပ်ဖွဲ့က စစ်ဆင်ရေးတစ်ခုအနေနဲ့ ကျွန်းလှဘက်ကို ဆက်တိုက် စစ်ကြောင်းထိုးနေတယ်။ မြေပြင်မှာ ရွာက လူနေအိမ်တွေ မီးရှို့တဲ့အပြင် လေကြောင်းကပါ ရွာဘက်တွေကို ပစ်ခတ်တာတွေရှိတယ်။ လက်ရှိမှာ ဒုက္ခသည်အရေအတွက်က များလာတယ်။ တချို့ဆိုရင် ဘာပစ္စည်းမှမသယ်နိုင်ဘဲ အသက်လွတ်အောင် ရုန်းပြေးကြရတာ။ ဒုက္ခသည်တွေအနေနဲ့ကတော့ ဘေးလွတ်ရာ ကျေးရွာတွေက ဒုက္ခသည်စခန်းတွေနဲ့ တောထဲမှာပဲ နေကြရတယ်။ အခက်အခဲအနေနဲ့ သူတို့အတွက် ယာယီနေထိုင်ဖို့ရော၊ စားစရာကအစ ဆေးဝါးအဆုံး အရေးပေါ်လိုအပ်နေပါတယ်” လို့ ပြောပါတယ်။

ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကျေးရွာတွေကတော့ တည်ပင်ဆိပ်၊ ဆိပ်ဖူး၊ ရှမ်းကုန်း၊ သိုက်ပင်ဆိပ်၊ နောင်ဦး၊ စာရင်းဝင် ၊ ရွာကုန်းကြီး ၊ အိမ်ခြေ၊ အင်းလျားရှည်၊ ဘိုအင်း၊ ညောင်ပင်ရိုး၊ ကန်ဇွန်းအင်း၊ ကိုင်းဝန်း၊ သစ်ချို၊ မန်ကျည်းကုန်း၊ သာစည်၊ ကုန်းစည်း၊ ဝေလမူ၊သက္ကယ်ကျင်း ၊ပေပင်ချောင်၊ ညောင်ပင်၊ မော်တုံ၊ မော်ကယ်၊ တောင်နီ ၊ ပိန္နဲကုန်း၊ နောင်ကောက် တို့ဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံကျေးရွာသား တစ်ဦးက “ရွာဘက်ကို ပစ်ခတ်ပြီး ဝင်လာတာ။ ‌သူတို့ဝင်လာတော့ ထွက်မပြေးနိုင်ဘဲ ပိတ်မိသူတွေအများပြား ရှိတယ်။ အဲဒီမှာ ဖမ်းဆီးခံထားရတာ အခုထိ ပြန်လွတ်မလာသူတွေလည်း ရှိနေတယ်။ အရေတွက်ကများပေမယ့် အတိအကျမသိရသေးဘူး။ စုံစမ်းနေဆဲပဲ။ သူတို့က ဓားစာခံပုံစံမျိုးလုပ်ထားကြတာ” လို့  ပြောပါတယ်။

အဲဒီထဲမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ပြည်သူနှစ်ဦးနဲ့ မြေပြင်မှာ စစ်ကြောင်းထိုးလာစဉ် သတ်ဖြတ်ခံရတဲ့ အပြစ်မဲ့ပြည်သူ ၈ ဦးရှိတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့တွေကလည်း ကျွန်းလှမြို့နယ် သစ်ချိုကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က နှစ်ကြိမ်တိုင် မီးရှို့ခဲ့တာကြောင့် နေအိမ် ၆၇ လုံး ဆုံးရှုံးခဲ့ပြီး စပါးကျီအများအပြားလည်း ဆုံးရှုံးခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013