DVB Logo
Home
မြန်မာသတင်း
ရွှေဒင်္ဂါးပြားများ ဈေးကွက်လိုသလောက် ရောင်းချပေးမှ ဈေးကျနိုင်ဟု သုံးသပ်
DVB
·
September 5, 2022
ရွှေဒင်္ဂါးပြားများ ဈေးကွက်လိုသလောက် ရောင်းချပေးမှ ဈေးကျနိုင်ဟု သုံးသပ်
Donate to DVB

စစ်ကောင်စီအနေနဲ့ ရွှေဒင်္ဂါးပြားတွေကို ဈေးကွက်လိုသလောက် ရောင်းချပေးနိုင်မှသာ ဈေးကျဆင်းနိုင်မယ်လို့ ရွှေဈေးကွက်စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

အမည်မဖော်လိုသူ ရွှေလုပ်ငန်းရှင်တဦးက “ရောင်းပေးမယ့်ပုံစံအပေါ် မူတည်တာပေါ့။ များများရောင်းပေးရင်တော့ ဈေးကွက်မှာ သက်ရောက်မှုရှိမယ်။ နည်းနည်းပဲ ရောင်းပေးတာ ဆိုရင်တော့ ဈေးကွက်မှာ သက်ရောက်မှု မဖြစ်ဘူးပေါ့” လို့ ပြောပါတယ်။

ရွှေ ၁ ကျပ်သားကို ၃၅ သိန်းကျော်ထိ စံချိန်တင်ရောက်ရှိပြီးတဲ့နောက် စစ်ကောင်စီက ၁ ကျပ်သား၊ ငါးမူးသားနဲ့ တမတ်သား အလေးချိန်ရှိတဲ့ ရွှေဒင်္ဂါးပြားတွေကို လူထုတိုက်ရိုက် လွတ်လွတ်လပ်လပ် ရောင်းချပေးမယ်လို့ စက်တင်ဘာ  ၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ရွှေတူးဖော်လုပ်ကိုင်သူတွေက နိုင်ငံတော်ကို အခွန်အနေနဲ့ ပေးသွင်းထားတဲ့ ရွှေတွေကို  ပြန်ရောင်းချဖို့ စစ်ကောင်စီက စီစဉ်တာဖြစ်ပြီး၊ ၁ ကျပ်သားကို ၂၉ သိန်းခွဲဈေးနဲ့ ဒီနေ့ နေပြည်တော်က မြန်မာ့ကျောက်မျက်ရတနာပြတိုက်မှာ စတင်ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။

တဦးကို ရွှေဒင်္ဂါးတပြားနှုန်းနဲ့ ဝယ်ယူခွင့်ပြုထားပြီး၊ စစ်ကောင်စီက ရွှေဒင်္ဂါးတွေကို အရောင်းကောင်တာတွေ ဖွင့်လှစ်ပြီး ရောင်းချပေးဖို့လည်း စီစဉ်နေတယ်လို့ ပြည်တွင်းမီဒီယာအချို့မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက ဒင်္ဂါးပြားတွေကို လူထုထံ လွတ်လွတ်လပ်လပ် ရောင်းပေးမယ်လို့ ကြေညာထားပေမဲ့ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ ရောင်းပေးမယ်၊ ဘယ်လောက် ပမာဏထိ ရောင်းပေးမယ် ဆိုတာတွေကိုတော့  ပွင့်ပွင့်လင်းလင်းနဲ့ ကြိုတင်အသိပေး ကြေညာထားခြင်း မရှိပါဘူး။

ရန်ကုန်မြို့က အမည်မဖော်လိုသူ ရွှေလုပ်ငန်းရှင်တစ်ဦးက “အဲဒီတော့ အားလုံးက စမ်းတဝါးဝါးပဲ ဖြစ်နေတာပေါ့နော်၊ တချို့ကလည်း တယောက်ကို တကျပ်သားပဲ ရောင်းပေးမယ် အဲဒီလိုမျိုးလည်း ပြောသံကြားတယ်။ ရောင်းပေးမယ့် နေရာကလည်း ရန်ကုန်တိုင်း ရွှေကုန်သည်အသင်းကပဲ ရောင်းပေးမလိုလို၊ ဒါမှမဟုတ် ကမ္ဘာအေးကျောက်မျက်ရုံးကပဲ ရောင်းပေးမလိုလို အမျိုးမျိုးပြောကြတယ်။ ဘယ်သူမှ တိတိကျကျမသိသေးဘူး”လို့’ ပြောပါတယ်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့  သူတို့ ရောင်းချပေးမှာက ထိရောက်တဲ့ပမာဏဖြစ်လိမ့်မယ်လို့ ပြောကြားထားပါတယ်။ 

အရင်ကလည်း ရွှေဒင်္ဂါးပြားတွေကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းက ကျောက်မျက်ရုံးခန်းမှာ ရောင်းချလေ့ ရှိပေမဲ့ စိတ်ဝင်စားမူနည်းခဲ့တယ်လို့ သိရပါတယ်။

“အဲဒီတုန်းကလည်း ပြည်သူတွေ အရမ်းကြီးမဝယ်ကြပါဘူး၊ အမှတ်တရ ဒါမှမဟုတ် လက်ဆောင်ပေးဖို့သာ ဝယ်ကြတာ၊ အကြောင်းအရင်းက ဒင်္ဂါးပြားဆိုတော့ အလျော့တွက် လက်ခရှိတယ်။ သစ်သားဘူး တန်ဖိုးက ၂ သောင်း၊ ၃ သောင်းရှိတော့ အပြင်ဈေးထက် အမြဲတမ်း ပိုတယ်” လို့ ရွှေဒင်္ဂါးပြား ဝယ်ယူဖူးသူတဦးက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း လူထုရဲ့ ကျပ်ငွေအပေါ် ယုံကြည်မှုက ထိုးဆင်းနေတာကြောင့် စံချိန်တင် မြင့်တက်လာတဲ့ ရွှေဈေးနှုန်းကို ထိန်းချုပ်မယ်ဆိုရင် စစ်ကောင်စီအနေနဲ့ ရွှေဒင်္ဂါးပြားတွေကို ဈေးကွက်လိုသလောက် ရောင်းချပေးနိုင်ဖို့ လိုအပ်တယ်လို့ ရွှေဈေးကွက် စောင့်ကြည့်သူတွေက သုံးသပ်ထားကြတာပါ။

ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်နေ့ ညနေပိုင်းက ဒေါ်လာဈေးကျပ် ၅၀၀၀ နီးပါးအထိ ရောက်ရှိခဲ့ပြီးတော့ ပြည်တွင်း ရွှေဈေးကလည်း ကျပ် ၃၅ သိန်း ကျော် ၃၆ သိန်း ဝန်းကျင်ထိ မြင့်တက်ခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီ ဗဟိုဘဏ်က ဈေးကွက်တွင်းသို့ ဒေါ်လာ သန်း ၂၀၀ ထုတ်ရောင်းမယ်လို့ ကြေညာခဲ့ပြီး ဈေးကွက်ကို ထိန်းညှိခဲ့ပါတယ်။

အဲဒီကြေညာချက် ထွက်ပေါ်ပြီး နောက်တရက်မှာ တောက်လျှောက်မြင့်တက်နေတဲ့ ရွှေနဲ့ ဒေါ်လာဈေး ပြန်ကျဆင်းခဲ့ပါတယ်။

ဒီနေ့ စက်တင်ဘာ ၅ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ ရန်ကုန် ရွှေလုပ်ငန်းရှင်များအသင်းက အကယ်ဒမီ မီးလင်းရွှေ ၁ ကျပ်သား အခြေခံရည်ညွှန်းဈေးကို  ကျပ်သိန်း ၂၀၀၆,၀၀၀ သတ်မှတ်ပေးထားပါတယ်။ ဈေးကွက်မှာ အမှန်တကယ် အရောင်းအဝယ် ဖြစ်နေတာက ကျပ်သိန်း ၃၀ နဲ့ ၃၂ သိန်းကြားမှာ ရှိပါတယ်။ ဒေါ်လာဈေးကိုလည်း စစ်ကောင်စီက ၂၁၀၀ ကျပ် သတ်မှတ်ထားပေမဲ့  ပြင်ပဈေးကွက်မှာ ၃၃၀၀ ကနေ ၃၅၀၀  ကြား အရောင်းအဝယ် ဖြစ်နေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

လက်ရှိမှာ ရွှေနဲ့ ဒေါ်လာတရားဝင်ရောင်းအဝယ် ဈေးကွက်က ပျက်နေပြီး တရားမဝင် မှောင်ခိုဈေးကွက်မှာပဲ အရောင်းအဝယ်တွေက အသက်ဝင်နေတာပါ။

“အားလုံးက ဖမ်းမှာဆီးမှာ ကြောက်ပြီးတော့ ပုန်းရိုးကွယ်ရိုးနဲ့ မှောင်ခိုတွေပဲ လုပ်နေကြတာပဲ။ ကုန်သည်အချင်းချင်း မှောင်ခို ရွှေအရောင်းအဝယ်ဖြစ်ပေမဲ့ အသင်းရုံးမှာတော့ အလုပ်မဖြစ်တာ တော်တော်ကြာသွားပြီ” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013