DVB Logo
Home
မြန်မာသတင်း
မြို့ပြစိမ်းလန်းရေးလုပ်ရန် ပတ်ဝန်းကျင်အရေး လှုပ်ရှားသူများ တိုက်တွန်း
DVB
·
April 22, 2014
မြို့ပြစိမ်းလန်းရေးလုပ်ရန် ပတ်ဝန်းကျင်အရေး လှုပ်ရှားသူများ တိုက်တွန်း
Donate to DVB

မြို့ပြပတ်ဝန်းကျင် စိမ်းလန်းစေရေး အားထုတ်ဆောင်ရွက်ကြဖို့ ဒီနေ့ကျရောက်တဲ့ World Earth Day ခေါ် ကမ္ဘာမြေနေ့မှာ မြန်မာ့သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက  တိုက်တွန်းလိုက်ပါတယ်။

EARTH DAY၁၉၇၀ ပြည့်နှစ်၊ ဧပြီ (၂၂) ရက်နေ့ကတည်းက  ကမ္ဘာမြေနေ့ကို ပထမဆုံး အကြိမ်အဖြစ် စတင်ကျင်းပလာခဲ့တာဟာ ဒီနှစ်ဆိုရင် ၄၅ ကြိမ်မြောက်ရှိပြီဖြစ်ပြီး အခုနှစ် ၂၀၁၄ ခုနှစ်အတွက်  ကမ္ဘာမြေနေ့ရဲ့  ဆောင်ပုဒ်ကတော့ Green Cities စိမ်းလန်းမြို့တော်များ ဖြစ်ပါတယ်။

ကမ္ဘာမြေနေ့ဆောင်ပုဒ်ဖြစ်တဲ့ အစိမ်းရောင်မြို့တော်ဖြစ်ဖို့ မြန်မာနိုင်ငံမှာ လုပ်ဆောင်သင့်တဲ့ အခြေအနေတွေကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဒေါ်ဒေ၀ီသန့်စင်က အခုလိုပြောပါတယ်။

“မြန်မာပြည်မှာက ဆည်တခုဆောက်ရင်၊ ဒါမှမဟုတ် သတ္တုစီမံကိန်းရှိတယ်၊ အဲဒါတွေကိုလုပ်ရင် လိုအပ်တာထက်ပိုပြီး အကုန်လုံး ခုတ်ပစ်တာက ပတ်ဝန်းကျင်ကြီးကို ပျက်စီးရာပျက်စီးကြောင်း ပိုဖြစ်နေတယ်။  စိမ်းလန်းမြို့တော်ဆိုရင် သစ်ပင်တွေ စိုစိုပြည်ပြည်ဖြစ်ရမယ်၊ အဆောက်အဦတွေဆိုရင်လည်း ရိုးရိုးကနေပြီး အစိမ်းရောင် ဒီဇိုင်းတွေနဲ့ လုပ်ရမယ်၊ စင်ကာပူလိုမျိုး တိုက်တွေပေါ်မှာ အပင်တွေစိုက်ရမယ်၊ အဲဒါမျိုးတွေဖြစ်ရမယ်။”

မြို့ပြတွေ စိမ်းလန်းစိုပြေဖို့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျွမ်းကျင်သူ ဦးမောင်မောင်သန်းက “မြို့ပြတွေ စိမ်းလန်းဖို့ဆိုရင် မြို့ပြဖွံ့ဖြိုးရေးကို တာဝန်ယူထားတဲ့ မြူနီစပယ်တို့က သူတို့ရဲ့ မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေဟာ တကယ့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ရှေးရှုတဲ့ မူဝါဒတွေဖြစ်သင့်တယ်။ နောက် လူထုရဲ့အသိ။ ဥပမာပေးရရင် အမှိုက်ပေါ့။  ထင်ရာမြင်ရာတွေ ပစ်နေတဲ့ လူထုရဲ့အမူအကျင့်တွေ၊ အသိပညာတွေဟာ ဘယ်လိုမှ  စိမ်းလန်းမြို့တော်ဖြစ်လာဖို့ မရှိဘူး” လို့ ပြောပါတယ်။

သဘာဝပတ်ဝန်းကျင်ပျက်စီးမှု ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေရဲ့   ဂယက်အဖြစ် ကမ္ဘာ့ ဒေသအနှံ့အပြားမှာ  သဘာဝဘေး အန္တရာယ်တွေကို နှစ်စဉ်ကြုံတွေ့နေရပါတယ်။

မြန်မာနိုင်ငံမှာလည်း အလားတူကြုံတွေ့နေရတဲ့အတွက်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဂရုပြုမိဖို့ လိုတယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

“ဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်မှု၊ သဘာဝဘေး၊ ဒါတွေနဲ့ ပတ်သက်ပြီးပြောရင် မြန်မာနိုင်ငံရဲ့အဆင့်ဟာ သတိပေးတဲ့အဆင့်ကို ရောက်သွားပြီ။ သတိပေးတဲ့အဆင့်ကိုရောက်ပြီဆိုတော့ လုပ်ကိုလုပ်ကြရမယ်။ မလုပ်ရင် မလုပ်သလို ပေးဆပ်ကြရမယ်။”

 

သစ်တောတွေပြုန်းတီးခြင်းကလည်း ကမ္ဘာမြေကိုထိခိုက်စေပြီး တောပြုန်းတီးမူက သစ်တောဌာနရဲ့ မူဝါဒမှားယွင်းမူကြောင့် ဖြစ်တယ်လို့ ကမ္ဘာမြေချစ်သူဆုရထားတဲ့ သစ်တောပညာရှင် ဦးအုန်းက ပြောပါတယ်။

 

ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာမြေနေ့နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာတော့ လူသိနည်းတဲ့ အတွက် ကျင်းပခြင်းမရှိပေမယ့် နိုင်ငံပေါင်း ၁၉၂ နိုင်ငံမှာတော့ လူသန်း ၁၀၀၀ လောက် ပါဝင်ဆင်နွှဲကြမယ်လို့ သိရပါတယ်။

တချို့နိုင်ငံတွေမှာတော့ ခုသီတင်းပတ်ကို ကမ္ဘာမြေသီတင်းပတ်အဖြစ် သတ်မှတ်ပြီး သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားမှုတွေ ဆန္ဒပြပွဲတွေ ကျင်းပလေ့ရှိပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013