DVB Logo
Home
မြန်မာသတင်း
MIR စစ်တမ်းတွင် ဖြေဆိုသူများက အနိမ့်ဆုံးဝင်ငွေ ၄ သိန်းကနေ ၆ သိန်းအထိ ရသင့်ဟုဆို
DVB
·
September 4, 2022
MIR စစ်တမ်းတွင် ဖြေဆိုသူများက အနိမ့်ဆုံးဝင်ငွေ ၄ သိန်းကနေ ၆ သိန်းအထိ ရသင့်ဟုဆို
Donate to DVB

မြင့်တက်လာနေတဲ့ ကုန်ဈေးနှုန်းတွေကြောင့် လခစားတွေရဲ့ဝင်ငွေဟာ တယောက်စာ အတွက်တောင် မလုံလောက်တော့ဘဲ အများစုက အပိုဝင်ငွေရမယ့် အလုပ်တွေ ထပ်လုပ်ဖို့၊ နိုင်ငံခြားထွက်ဖို့ စဉ်းစားနေကြပါတယ်။

စစ်တမ်းကောက်ယူတဲ့ အဖွဲ့တခုဖြစ်တဲ့ လွတ်လပ်သောသုတေသီများအဖွဲ့ မြန်မာ (Myanmar Independent Researchers- MIR) က ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ ဝင်ငွေနဲ့ ကုန်ဈေးနှုန်းလမ်းခွဲဆိုတဲ့ စစ်တမ်းတခုကို ကောက်ယူခဲ့ပြီး ပါဝင်ဖြေဆိုခဲ့သူ အများစုဖြစ်တဲ့ ၇၆ ရာခိုင်နှုန်းက ဝင်ငွေနဲ့ ထွက်ငွေမကာမိဘူးလို့ ဖြေဆိုထားကြတာပါ။

ဖြေဆိုသူအများစုဟာ မြို့မှာနေထိုင်တဲ့ NGO/INGO ဝန်ထမ်းတွေနဲ့ ပုဂ္ဂလိက ဝန်ထမ်းတွေဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လစာနှုန်းထားတွေဟာ ကုန်ဈေးနှုန်းနဲ့အညီ မပြောင်းလဲသလို လွန်ခဲ့တဲ့ ၆ လအတွင်းမှာလည်း လစာတိုးတာ မရှိဘူးလို့ ဖြေဆိုကြပါတယ်။

ဖြေဆိုသူတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်က အပိုဝင်ငွေရဖို့ အလုပ်ထပ်လုပ်ရမယ်လို့ ဖြေဆိုထားကြပြီး ၄၀ ရာခိုင်နှုန်းကျော်ကတော့ အသုံးစရိတ်ချွေတာရမယ်လို့ ဆိုပါတယ်။

၂၈ ရာခိုင်နှုန်းက နိုင်ငံခြားကို အလုပ်ထွက်လုပ်ဖို့ဖြေဆိုထားသလို ၁၄ ရာခိုင်နှုန်းကတော့ ဝင်ငွေကောင်းမယ့် အလုပ်ပြောင်းလုပ်မယ်လို့ ဆိုပါတယ်။

ဖြေဆိုခဲ့သူတွေရဲ့ ၆၅ ရာခိုင်နှုန်းဟာ အသက် ၁၈ နှစ်ကနေ အသက် ၃၀ အရွယ်တွေဖြစ်ကြပြီး ဖြေဆိုသူ အားလုံးနီးပါးဟာ မြို့မှာနေထိုင်ကြသလို ဝင်ငွေရတဲ့အလုပ်တခုခုလုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်။

ဒီထဲက ၂၆ ရာခိုင်နှုန်းကျော်ကတော့ ပြီးခဲ့တဲ့ ၆ လအတွင်း လစာတိုးခဲ့သလို ရနေတဲ့ လစာအပေါ်မှာလည်း ကျေနပ်တယ်လို့ ဖြေထားကြပါတယ်။

ဒါပေမယ့် ၂၁ ရာခိုင်နှုန်းကျော်ကပဲ သူတို့ရနေတဲ့ဝင်ငွေဟာ တယောက်စာ နေထိုင်စားသောက်ဖို့ ပိုလျှံနေတယ်လို့ ဖြေဆိုထားပြီး မိသားစုနဲ့ဆိုရင်တော့ လုံလောက်တယ်လို့ ဖြေဆိုထားပါတယ်။

အများစုဖြစ်တဲ့ ၄၂ ရာခိုင်နှုန်းကျော်ကတော့ ရနေတဲ့ဝင်ငွေဟာ တယောက်စာတောင် မလုံလောက်တော့ဘူးလို့ ဖြေဆိုထားသလို မိသားစုနဲ့ဆိုရင်တော့ မလုံလောက်ဘူးလို့ ၆၃ ရာခိုင်နှုန်းကျော်က ဖြေဆိုထားပါတယ်။

ရန်ကုန်မြို့နေ ပုဂ္ဂလိက ဝန်ထမ်းတယောက်က “ကိုဗစ်ကာလကတည်းက အလုပ်အကိုင်တွေမကောင်းကြတော့တာ။ အပိုငွေတွေလည်းကုန်တော့ စုဖို့ဆိုတာ ဝေလာဝေး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုဆိုးလာတာပေါ့။ အသိတချို့လည်း အလုပ်တွေပြုတ်ပြီး ရရာလုပ်ကိုင်နေကြတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာက အများစုလုပ်နေကြရတဲ့အလုပ်တွေဟာ အများဆုံးလတ်တလော စားသောက် နေထိုင်ရုံပဲ ရတယ်။ နောင်ရေးအတွက်ဆိုတာ ဘာမှစုမိဆောင်းမိ မရှိသလောက်ပါပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖြေဆိုသူထဲကအများစုဟာ လူတယောက်ရပ်တည်ဖို့အတွက် အနိမ့်ဆုံးဝင်ငွေ ၄ သိန်းကနေ ၆ သိန်းအထိ ရသင့်တယ်လို့ မှတ်ချက်ပေးထားကြတယ်။

လွတ်လပ်သောသုတေသီများအဖွဲ့ မြန်မာဟာ သူတို့ရဲ့ စစ်တမ်းကို အွန်လိုင်းပေါ်ကနေ ကမ်းလှမ်းဖြေဆိုစေတာဖြစ်ပြီး ဖြေဆိုသူတွေထဲကတချို့ကိုတော့ အသေးစိတ်ဆက်သွယ်မေးမြန်းထားတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013