
ဝါရင့်အဆိုတော် မွန်းအောင်ရဲ့ “Melody Of Freedom” အမည်နဲ့ နွေဦးတော်လှန်ရေး ရန်ပုံငွေဂီတပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ မေ ၂၄ ရက် ညနေပိုင်းက ကျင်းပခဲ့ပါတယ်။
ပြည်ပရောက် တော်လှန်ရေး အင်အားစုတွေ ညီညီညွတ်ညွတ်နဲ့ ခွန်အားတွေ စုစည်းမှု ရရှိဖို့နဲ့ တော်လှန်သူ အားလုံးနဲ့ တသားတည်း ရှိနေကြောင်း ပြသကြဖို့ အဆိုတော် မွန်းအောင်က ဂီတပွဲမှာ ပြောကြားခဲ့ပါတယ်။
အခုအချိန်အထိ စစ်အာဏာရှင်က သက်ဆိုးရှည်နေလို့ နိုင်ငံတကာမှာ ရန်ပုံငွေ ဂီတပွဲတွေ လိုက်လံကျင်းပနေတာ ဖြစ်ပြီး လိုအပ်တဲ့ နေရာတွေကို ထောက်ပံ့နိုင်ဖို့အတွက်လည်းဖြစ်တယ်လို့ အဆိုတော်မွန်းအောင်က ပြောပါတယ်။
၁၉၈၀ ပြည့်လွန်နှစ်ကာလတွေကတည်းက မြန်မာ့ဂီတလောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော် မွန်းအောင်ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီး အပြီးမှာလည်း တော်လှန်ရေး နယ်မြေမှာ စစ်အာဏာရှင်တော်လှန်ရေး၊ ငြိမ်းချမ်းရေးတေးသီချင်းတွေကို တစိုက်မတ်မတ် သီဆိုခဲ့သူ တယောက်လည်းဖြစ်ပါတယ်။
တိုကျိုမြို့နေ မြန်မာ့အရေး လှုပ်ရှားသူ ကိုရဲငြိမ်းက “၁၉၈၀ ကျော် ကာလတွေကတည်းက သူ့သီချင်းတွေကို လူငယ်တွေ ကြိုက်နှစ်သက်ခဲ့ကြတာပါ။ ဒီနေ့ပွဲမှာဆို ထူးအိမ်သင်နဲ့အတူ တောခိုစဉ်က ထူးအိမ်သင် ရေးစပ်ပြီး သူဆိုခဲ့တဲ့ ‘အရေးကြီးပြီ’ သီချင်းနဲ့ ကိုမင်းကိုနိုင် ရေးတဲ့ ‘သွေးမုန်တိုင်း’ စတဲ့ သီချင်းတွေကို အတူဆိုရင်း တော်လှန်ရေးအတွက် ခွန်အား ရခဲ့ကြပါတယ်” လို့ ပြောပြပါတယ်။
အဆိုတော် မွန်းအောင်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေး ရန်ပုံငွေ ဂီတပွဲတွေကိုလည်း အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ မလေးရှား၊ ထိုင်းနဲ့ စင်ကာပူ အပါအဝင် နိုင်ငံတကာမှာ လိုက်လံသီဆို ဖျော်ဖြေခဲ့ပြီး နွေဦးတော်လှန်ရေးအတွက် သူတတ်ကျွမ်းတဲ့ အနုပညာနဲ့ တထောင့်တနေရာကနေ ကူညီထောက်ပံ့ချင်လို့ အခုလို ရန်ပုံငွေပွဲတွေ ကျင်းပနေရတာပါလို့လည်း ရှင်းပြခဲ့ပါတယ်။
နိုင်ငံတကာက ပွဲတွေကနေ ရလာတဲ့ ရန်ပုံငွေတွေကို စစ်ဘေးရှောင်တွေနဲ့ တော်လှန်ရေးအတွက် လိုအပ်တဲ့ နေရာတွေကို လှူဒါန်းခဲ့သလို၊ ကရင်နီဒေသ အပါအဝင် တော်လှန်ရေး နယ်မြေတွေအထိ ကိုယ်တိုင် သွားရောက်ပြီး ခွန်အားပေး ကူညီနေသူလည်း ဖြစ်ပါတယ်။
တိုကျိုပွဲစီစဉ်သူ တယောက်ဖြစ်တဲ့ မခင်မြတ်ကလည်း “ဒီနေ့ ရုံအပြည့် လာကြည့်ကြလို့ ကျေးဇူးတင်ပါတယ်။ အခုပွဲက တော်လှန်ရေးအတွက် အများကြီး အကျိုးရှိတဲ့ ပွဲတခုဖြစ်ပြီး လူငယ်တွေရော လူကြီးတွေရော အကုန် အပြန်အလှန် ခွန်အားတွေလည်း ထပ်ရကြလို့ ပွဲကျင်းပရတာ ရည်ရွယ်ချက် အောင်မြင်တယ်” လို့ ဆိုပါတယ်။
အဆိုတော်မွန်းအောင်ဟာ နာဂိုယာမြို့မှာ မေ ၃၁ ရက်နဲ့ အိုကီနာဝါမြို့မှာ ဇွန် ၇ ရက်နေ့တွေမှာ အသီးသီး ဆက်လက် ကျင်းပသွားမှာဖြစ်ပြီး ဂျပန်နိုင်ငံ ပွဲစဉ်တွေကနေ ရရှိတဲ့ ရန်ပုံငွေ အားလုံးကို မြန်မာနိုင်ငံအနှံ့က လိုအပ်တဲ့ နေရာတွေကို လှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။










