DVB Logo
Home
မြန်မာသတင်း
စစ်တပ်အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၂၆၀ ကျော်ထိ မြင့်တက် လာ
DVB
·
September 3, 2022
စစ်တပ်အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၂၆၀ ကျော်ထိ မြင့်တက် လာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၂၆၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၃၂၅ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော် ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၂၂၄ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၄၂၇ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၈၃ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၅ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၀၇၉ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၆၀ ခုထက်မနည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်က အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားတဲ့ မူလတန်းပြကျောင်းဆရာမ ဒေါ်စန္ဒာမိုးဟာ ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက်က  ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဒေါ်စန္ဒာမိုးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့တယ်ဆိုပြီးတော့ သတင်းပေးတိုင်ကြားခံခဲ့ရတာကြောင့် ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါ တယ်။

ဒါ့အပြင် ဩဂုတ် ၂၉ ရက်ကလည်း မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ညောင်ပင်ဇောက်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံရွာသား ဦးခိုင်ဝင်းကို ဖမ်းဆီးခေါ်ဆောင်ခဲ့ကာ ညှဉ်းပန်းနှိပ်စက် ခဲ့ပြီးနောက် သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ဦးခိုင်ဝင်းရဲ့ ရုပ်အလောင်းမှာ မျက်လုံးတစ်ဖက်ကို ဖောက်ထုတ်ထားတာ၊ ပေါင်၊ ခြေသလုံးတို့မှာ ထိုးသွင်းဒဏ်ရာတွေအပါအဝင် ခန္ဓာကိုယ်အနှံ့ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013