DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းရွှေဈေး တကျပ်သား ကျပ် ၁၀ သိန်းနီးပါး ပြန်ကျ
DVB
·
September 2, 2022
ပြည်တွင်းရွှေဈေး တကျပ်သား ကျပ် ၁၀ သိန်းနီးပါး ပြန်ကျ
Donate to DVB

စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ရွှေဒင်္ဂါးတွေ ရောင်းချပေးမယ်လို့ ကြေညာပြီးတဲ့နောက် တကျပ်သား ကျပ် ၃၈ သိန်းအထိ စံချိန်တင်ခဲ့တဲ့ ပြည်တွင်းရွှေဈေး ကျပ် ၁၀ သိန်းနီးပါး ပြုတ်ကျသွားတယ်လို့ ရွှေဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက တကျပ်သား၊ ငါးမူးသားနဲ့ တမတ်သား အလေးချိန်ရှိတဲ့ ရွှေဒင်္ဂါးပြားတွေကို ရောင်းချပေးသွားဖို့ စီစဉ်နေတဲ့အကြောင်း စက်တင်ဘာ ၁ ရက် ညနေပိုင်းက စစ်ကောင်စီလက်အောက်ခံ MRTV ရုပ်သံသတင်းကနေ ထုတ်လွှင့်ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရွှေဒင်္ဂါးပြားတွေကို ဘယ်နေ့၊ ဘယ်ရက်မှာ ဘယ်ဈေးနှုန်းနဲ့ ဘယ်လိုရောင်းချပေးမယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ပြောဆို ကြေညာသွားတာ မရှိပါဘူး။

အခုလို ကြေညာပြီးတဲ့နောက် စံချိန်တင်မြင့်တက်နေတဲ့ ပြည်တွင်းရွှေဈေးက ဒီကနေ့ စက်တင်ဘာ ၂ ရက် နေ့လယ်မှာတော့ တကျပ်သားကို ၂၈ သိန်းဝန်းကျင်သာ ရှိတော့လို့ ရက်ပိုင်းအတွင်းမှာ စံချိန်တင် အမြင့်ဆုံးရှိခဲ့တဲ့ဈေးနဲ့ နှိုင်းယှဉ်ရင် တကျပ်သားကို ၁၀ သိန်းနီးပါး ပြုတ်ကျသွားတယ်လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“ရွှေဒင်္ဂါးတွေကို ဦးသိန်းစိန်လက်ထက်မှာလည်း ရောင်းခဲ့တယ်။ နဝတခေတ်မှာလည်း နဝတ ရွှေဒင်္ဂါးဆိုပြီး ရောင်းခဲ့ကြတာရှိတယ်။ အဲ့တော့ အခုလည်း ရောင်းမယ်လို့ ပြောလိုက်ပြီးတဲ့နောက် တကယ်တောင် မရောင်းရသေးဘူးနော်၊ ရွှေဈေးက ကျလာတယ်။ ပြောချင်တာက လူဆိုတာကလည်း အခု ဖေ့စ်ဘွတ်ခ်ကိုကြည့်လိုက်၊ ရွှေဈေး တက်နေပြီဆိုရင် ဝိုင်းပြီး လှန့်နေကြတာလေ။ အခု ဈေးကျလာပြီဆိုရင် ခုနက ပြောနေတဲ့သူတွေ မရှိတော့ဘူး။ အဲ့ဒါပဲ လူတွေက ဝိုင်းပြီးတော့ပဲ ပြောနေကြတာ။ တကယ့်တကယ်မှာ သူတို့ကိုယ်တိုင် ဝယ်နေတဲ့သူလားဆိုတော့ မဟုတ်ဘူးနော်။ ၃၈ သိန်း ဖြစ်သွားတယ် ဆိုတာကလည်း တကယ်အသုံးလိုတဲ့သူ၊ ဈေးကွက်ရဲ့ သဘောသဘာဝကို နားမလည်ဘဲ အတင်းကြောက်လန့်ပြီး ဝယ်တဲ့သူ၊ အဲ့လိုလူတွေပဲ အဝယ်မှား ဖြစ်သွားတာနော်။ ဒီနေ့ဆိုရင် ၂၈ သိန်းဝန်းကျင်ပဲရှိလို့ အမြင့်ဆုံးဖြစ်ခဲ့တဲ့ဈေးနဲ့ ယှဉ်ရင် ၁၀ သိန်းနီးပါး ဈေးဟသွားတာနော်။”

ပြည်တွင်းရွှေဈေးက အခြေအမြစ်မရှိဘဲ တက်ခဲ့တဲ့အတွက် အခုလို အကျနာတာဖြစ်တယ်လို့ ရွှေဝယ်ရောင်းလုပ်ကိုင်နေသူ တယောက်ကလည်း အခုလို ထောက်ပြပြောပါတယ်။

“ရွှေဈေးက တက်ခဲ့တုန်းကလည်း ပုံမှန်မဟုတ်ဘဲနဲ့ တက်သွားခဲ့တာ။ အခု ကျတဲ့ဈေးကလည်း လန့်ပြီးတော့ ကျသွားတဲ့ဈေးပါ။ ဒီလိုမျိုး ဈေးကျလာပြီဆိုရင် အဝယ်သမားတွေက အကုန်ရောင်းကြမယ့် သူတွေချည်းပဲ။ လူတွေက တက်ဈေးသာ မရောင်းရဲကြတာ။ ကျလာပြီဆိုရင် ရောင်းရဲလာကြတယ်။ ဆိုလိုတာက အခု ၂၈ သိန်းနဲ့ ရောင်းရဲတယ်။ ဘာလို့လဲဆို မကြာခင် ၂၇ သိန်း ၇ သောင်းနဲ့ ၈ သောင်းကြားလည်း ရောက်နိုင်တော့ အဲ့ဈေးရတာနဲ့ ပြန်ဝယ်ကြမှာ။ ဒါက သူ့အတွက် ရွှေတိုးစေတယ်။ သဘောက ငွေပမာဏက ဒီပမာဏပဲ။ ဒါပေမဲ့ ရတဲ့ရွှေက အလေးချိန် တိုးလာစေတယ်။ ဒါကြောင့် ရွှေသမားတွေက ရွှေဈေးတက်လို့ ငွေများလာတာကို သိပ်အကြိုက်ကြီး မဟုတ်ဘူး။”

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဒီကနေ့ စက်တင်ဘာ ၂ ရက် နေ့လယ် ၂ နာရီခွဲ ထုတ်ပြန်ချက်အရ ပြည်တွင်းရွှေဈေးကွက်အတွက် အကယ်ဒမီ(မီးလင်း)ရွှေ တကျပ်သားကို ကျပ်သိန်း ၂၀ သတ်မှတ်ထားပါတယ်။ အဆိုပါနှုန်းက ရည်ညွှန်းဈေးနှုန်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ရွှေဈေးနှုန်းကတော့ တအောင်စကို အမေရိကန်ဒေါ်လာ ၁,၇၀၄ ဒေါ်လာ ရှိပြီး လက်ရှိမှာတော့ ဈေးနှုန်းအတက်အကျ ကြမ်းတာ မတွေ့ရပါဘူး။

မြန်မာနိုင်ငံမှာ ဗဟိုဘဏ်က ၁၉၉၁ ခုနှစ်ကတည်းကစပြီး တကျပ်သား၊ ငါးမူးသား၊ တမတ်သား စတဲ့ ရွှေဒင်္ဂါးတွေကို ရောင်းချခဲ့တာရှိပါတယ်။ ဒီ့နောက် အန်အယ်လ်ဒီ အစိုးရ လက်ထက်မှာ ငါးမူးသားရွှေဒင်္ဂါးကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံပါတဲ့ ပုံစံအသစ်နဲ့ ပြောင်းလဲထုတ်လုပ် ရောင်းချခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013