DVB Logo
Home
မြန်မာသတင်း
အင်းလေးတွင် လေပြင်းတိုက်၊ နေအိမ်နှင့် စိုက်ခင်းများပျက်စီး
DVB
·
April 21, 2014
အင်းလေးတွင် လေပြင်းတိုက်၊ နေအိမ်နှင့် စိုက်ခင်းများပျက်စီး
Donate to DVB

ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နဲ့ ဧပြီ ၂၀ ရက်နေ့ ညနေပိုင်းက ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးဒေသမှာ လေပြင်းတိုက်ပြီး မိုးသီးတွေပါ ကြွေကျတဲ့အတွက် လူနေအိမ်ခြေ ၁၅၀ ကျော်နဲ့ စိုက်ပျိုးသီးနှံတွေ ဧက အတော်များများ ပျက်စီးဆုံးရှုံးသွားပါတယ်။

[caption id="attachment_55186" align="alignright" width="300"]ဓာတ်ပုံ - Soe Min Latt's ဓာတ်ပုံ - Soe Min Latt's[/caption]

ဧပြီ ၁၇ ရက်နေ့ ညနေပိုင်း ၁ နာရီနီးပါး တိုက်ခတ်သွား တဲ့ လေပြင်းတွေကြောင့် အင်းလေးကန်အရှေ့ဘက် သလဲဦးကျေးရွာအုပ်စု ရွာပေါင်း ၆ ရွာက အိမ်ခြေ ၁၀၄ လုံး၊ အနောက်ဘက် ကျွန်းကြီးကျေးရွာအုပ်စု က နေအိမ် ၂၁ လုံး ၊ နန်းသဲ နဲ့ အိမ်ဒေါင့်ကြီးရွာက ၂၅ လုံး ၊ ညောင်ရွှေမြို့စွန် နမ့်ပန်ရွာက နေအိမ် ၂ လုံး၊ စုစုပေါင်း ၁၅၀ ကျော်ပျက်စီးပြီး အဲဒီထဲမှာ တဲအိမ်ပေါင်း ၃၀ ကျော် ပြိုကျသွားတယ်လို့ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။

“လေဆင်နှာမောင်းလို လေပွေတွေ ဖြစ်ပေါ်တယ်။ အဲဒီမှာ မိုးသီးတွေပါကျတယ်။ မိုးသီးတွေက လောက်စာလုံးလောက်ကနေ လက်သီးဆုပ်လောက်နီးပါးရှိတယ်။ ဒါမျိုးကတော့ ကျနော်တို့ အင်းလေးဒေသမှာ နှစ်ပေါင်း ၅၀ - ၆၀ လောက်မှာ မကြုံဖူးသေးဘူး။”
ဒါ့အပြင် မူလတန်းကျောင်း ၂ ကျောင်းနဲ့ ဘုန်းကြီးကျောင်းဇရပ်ပါ ခေါင်မိုးလွင့်ထွက် သွားပြီး အင်းခြံခရမ်းချဉ်သီးစိုက်ခင်း ဧကပေါင်း ၈၀ ကျော်၊ မြေပဲစိုက်ခင်း ၁၅ ဧက နဲ့ နွေစပါးစိုင်ခင်း ဧက ၆၀ ကျော်လည်း လေပြင်းနဲ့ မိုးသီးတွေ ရိုက်ခတ်လို့ ပျက်စီးသွားကြောင်း ဦးဝင်းမြင့်က ဆက်ပြောပါတယ်။

နေအိမ်ပျက်စီးဆုံးရှုံးမှုတွေနဲ့ ပတ်သက်လို့ ဧပြီလ ၁၈ ရက်နေ့က ရှမ်းပြည်နယ်အစိုးရကနေ အိမ်တလုံးကို ကျပ် ၃ သောင်းစီ၊ စာသင်ကျောင်းနဲ့ ဇရပ်အတွက် ကျပ် ၁ သိန်းစီ ထောက်ပံ့ပေးခဲ့ပြီး လယ်ယာစိုက်ခင်း အတွက်တော့ ပြည်နယ်စိုက်ပျိုးရေး နဲ့ မြေစာရင်းဌာနက စာရင်းဇယားတွေ ကောက်ယူပြီးမှ ထောက်ပံ့ကူညီမှုတွေ ရမယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီနေ့က လေပြင်းတိုက်ပြီးတဲ့နောက် ဧပြီလ ၂၀ ရက်နေ့ ညနေပိုင်းမှာလည်း နောက် ထပ်လေပြင်းတိုက်ခတ်မှုတကြိမ် ပြန်ဖြစ်ခဲ့ပြီး နေအိမ် ၁၅ လုံးရှိတဲ့ အင်းမရွာမှာ ၄ အိမ်ပဲ အကောင်း ကျန်တယ်လို့ သလဲဦးရွာသားတဦးက ပြောပါတယ်။

ဒုတိယအကြိမ် ထိခိုက်ဆုံးရှုံးမှုအတွက် ဘာအကူအညီမှ မရသေးသလို ပထမအကြိမ် ဆုံးရှုံးမှုမှာ အစိုးရက ကူညီတဲ့ ကျပ် ၃ သောင်းဟာလည်း လောက်ငမှုမရှိကြောင်း ပြောပါတယ်။

“ဒီ ၃ သောင်းဆိုတာ လာလှူပေးတာ ကျနော်တို့လည်း ၀မ်းသာပါတယ်။ ဒါပေမယ့် အိမ်တလုံးဆောက်ရင်တော့ မနည်းစုရတာပေါ့။ အိမ်ဆောက်မယ်ဆိုရင် ၀ါးအိမ်ဆိုရင်တောင်မှ အနည်းဆုံး ၆ သိန်း၊ ၇ သိန်း ကုန်တယ်။ အင်းထဲကအိမ်ဆို တအားဆောက်ရခက်တယ်။ အခုလောလောဆယ်တော့ တတ်နိုင်သလောက်လေး ပြင်ပြီးနေရတာပေါ့နော်။ ရပ်ဝေးက အလှူတွေပါ ရောက်လာရင်တော့ ကျနော်တို့အတွက် ကံကောင်းမှာပေါ့။”

လေပြင်းတိုက်ခတ်မှုဒဏ်ခံရသူတွေကို တာဝန်ရှိသူတွေဘက်က ကူညီစောင့်ရှောက်မယ့်အစီအစဉ်တွေနဲ့ ပတ်သက်လို့ ပြည်နယ်ရဲရုံး နဲ့ အုပ်ချုပ်ရေးရုံးတွေ မေးမြန်းခဲ့ပေမယ့် မရခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013