DVB Logo
Home
မြန်မာသတင်း
ဧရာဝတီလင်းပိုင်များ အကောင်ရေတိုးပွားလာခြင်း ရှိ၊ မရှိ အတည်မပြုနိုင်
DVB
·
August 31, 2022
ဧရာဝတီလင်းပိုင်များ အကောင်ရေတိုးပွားလာခြင်း ရှိ၊ မရှိ အတည်မပြုနိုင်
1 / 3
Donate to DVB

ဧရာဝတီလင်းပိုင် ပိုမိုတိုးပွားလာတယ်ဆိုပြီး စစ်ကောင်စီအာဘော် သတင်းတွေမှာ ဖော်ပြနေတာဟာ အမှန်မဟုတ်ဘဲ အကောင်ရေတိုးပွားလာခြင်း ရှိ၊ မရှိ သွားရောက်စစ်ဆေးနိုင်ခြင်း မရှိတာကြောင့် အတည်မပြုနိုင်ဘူးလို့ ဧရာဝတီလင်းပိုင်ချစ်သူများ အသင်းအဖွဲ့က ပြောပါတယ်။

ဧရာဝတီလင်းပိုင်တွေဟာ ဧရာဝတီမြစ်အတွင်း မန္တလေးနဲ့ ကျောက်မြောင်းကြားမှာ အများဆုံး သွားရောက်လေ့လာ ကြည့်ရှုနိုင်ပြီး စစ်ကောင်စီလက်အောက်ခံ မီဒီယာ မြန်မာ့အသံ၊ ရုပ်မြင်သံကြားနဲ့ မြန်မာ့အလင်း သတင်းစာတွေမှာတော့ အကောင်ရေတိုးပွားလာတယ်လို့ အခုရက်ပိုင်းတွေမှာ ဖော်ပြနေတာပါ။

ဧရာဝတီလင်းပိုင်တွေ ကျက်စားရာ မြစ်ကမ်းတလျှောက်မှာ ဒေသတည်ငြိမ်ခြင်း မရှိတာကြောင့် အသင်းအဖွဲ့တွေအနေနဲ့ သွားရောက်စစ်ဆေးနိုင်ခြင်း မရှိကြောင်း၊ သင်္ဘောနဲ့သွားပြီး မှန်ပြောင်းနဲ့ သားပေါက်အကောင်ရေ သေချာကြည့်ရှု တွက်ချက်ပြီးမှသာ အတည်ပြုနိုင်တာလို့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ကျနော်တို့ ဒီခေတ်ကြီးမှာ သွားလို့လည်း မရဘူး။ နောက်ပြီးတော့ အဲဒီက ရေလုပ်သားတွေကလည်း အနီးနားမှာဖြစ်နေတဲ့ ဒေသပြဿနာတွေကြောင့် အဆက်အသွယ် မရဘူး ဖြစ်နေတယ်။ အဲဒီတော့ အကောင်ရေတိုးတယ်၊ မတိုးဘူးဆိုတာ ပြောဖို့ အရမ်းခက်တယ်။ ဒါပေမဲ့ အသံလေးတွေတော့ နည်းနည်းပါးပါး အစောပိုင်းနှစ်တွေတုန်းက သားပေါက်လေးတွေ တွေ့တယ်၊ ဘာညာဆိုတာမျိုးလေးတွေ ကြားဖူးတယ်။ ဒါပေမဲ့ ဒီနေရာမှာ ကျနော်တို့က ထုတ်လိုက်တယ်ဆိုတဲ့သတင်း တခါတွေ့လိုက်သေးတယ်။ တကယ်တမ်းကျတော့ ဌာနကလည်း အဲဒီဘက်တွေကို လွှမ်းခြုံပြီး အကောင်ရေ တိုးတယ်ဆိုတာ သေသေချာချာ သင်္ဘောနဲ့သွားပြီးတော့ မှန်ဘီလူးကြည့်ပြီး သေချာရေတွက်မှ ဖြစ်မှာပေါ့။ အဲဒီတော့ ဒါလေးတွေက ဘယ်သူတွေ ဘယ်အချက်ပေါ်မှာ အခြေခံပြီးတော့ ပြောတာလဲ၊ နောက်ပြီး ဘာမှန်း ဟုတ်လားမဟုတ်လား သေချာမသိရဘူး ဖြစ်နေပါတယ်။ မသိဘူးဗျ၊ တိတိကျကျ သေချာမသိရဘူး။ ထင်ကြေးတွေနဲ့ ပြောတာတွေကတော့ ရှိကြမှာပေါ့နော်”လို့ ဧရာဝတီလင်းပိုင်ချစ်သူများအသင်းအဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဧရာဝတီလင်းပိုင်တွေဟာ မင်းကွန်း၊ မန္တလေးမြောက်ဘက် မြင်ဖွန်ကျေးရွာ အနီးနဲ့ ကျောက်မြောင်းမြို့ဒေသတွေမှာ ကျက်စားလေ့ရှိကြတယ်လို့ သိရပါတယ်။

၂၀၀၇ ခုနှစ် ဒီဇင်ဘာလကစတင်ပြီး မင်းကွန်းနဲ့ ကျောက်မြောင်းမြို့ကြား ၇၂ ကီလိုမီတာ အတွင်းကို ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး ဧရိယာအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ရှားပါးမျိုးတုံးတော့မယ့် ဧရာဝတီလင်းပိုင်တွေဟာ ဧရာဝတီမြစ်အတွင်းမှာ မှီတင်းနေထိုင်တဲ့ ငါးအမျိုးအစားဖြစ်ပြီး ကမ္ဘာပေါ်မှာ ၄ မျိုးသာ ကျန်ရှိတော့တဲ့ ရေချိုလင်းပိုင်ငါးတွေအနက် ရှားပါးမျိုးနွယ်ဝင် ဖြစ်တယ်လို့လည်း သိရပါတယ်။

လွန်ခဲ့တဲ့ ရာစုနှစ်အတွင်း ဧရာဝတီလင်းပိုင်ငါးအရေအတွက် ၆၀ ရာခိုင်နှုန်းလောက်အထိ လျော့သွားပြီး ဗန်းမော်နဲ့ မန္တလေးမြို့ကြား မြစ်ပိုင်းအတွင်းမှာ ဖြန့်ကြက်သွားလာ ရှင်သန်ပေါက်ဖွားလေ့ရှိတဲ့ ရေနေနို့တိုက်သတ္တဝါလည်း ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013