Home
မြန်မာသတင်း
ဂျပန် မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ တိုရူကူဘိုတာ၏အမှု ကြားနာစစ်ဆေးမည့် ရုံးချိန်းရက် ရွေ့ဆိုင်း
DVB
·
August 31, 2022

မြန်မာနိုင်ငံမှာ  စစ်ကောင်စီရဲ့ ဖမ်းဆီးတရာစွဲတာ ခံနေရတဲ့ ဂျပန်နိုင်ငံသား  မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ တိုရူကူဘိုတာရဲ့ အမှုကြားနာစစ်ဆေးမယ့် ရုံးချိန်းကို  လာမယ့် စက်တင်ဘာ ၆ အထိ ရွေ့ဆိုင်းလိုက်တယ်လို့   Kyodo ဂျပန်သတင်းမှာ ဖော်ပြပါတယ်။

တိုရူကူဘိုတာကို စစ်ကောင်စီက လဝက ဥပဒေ ၁၃ (၁)၊ ဗီဇာစည်းကမ်းဖောက်ဖျက်မှုနဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) တို့နဲ့ ဖမ်းဆီးတရားစွဲထားတာဖြစ်ပြီး  ဩဂုတ် ၁၆ ရက်က အမှုစတင်ကြားနာစစ်ဆေးခဲ့ကာ  မနေ့ ဩဂုတ် ၃၀ ရက်မှာ ထပ်မံစစ်ဆေးဖို့  ကနဦး စီစဉ်ထားပေမဲ့ ရုံးချိန်း နောက်တပတ်ကို ထပ်ရွေ့လိုက်တာလို့ အမှုနဲ့နီးစပ်သူကပြောတယ်လို့ ဆိုပါတယ်။

သူ့ကို စစ်ကောင်စီက အီလက်ထရောနစ် ဥပဒေချိုးဖောက်မှုနဲ့လည်း တရားစွဲဖို့ စဉ်းစားနေတယ်လို့ ဂျပန်သတင်းမှာ ဖော်ပြပါတယ်။ 

မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ တိုရူကူဘိုတာဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်ထဲမှာ ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲမှာ ဆန္ဒပြလူငယ်တွေနဲ့ အတူ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာခံခဲ့ရတာပါ။

စစ်ကောင်စီဘက်ကတော့  မစ္စတာ တိုရူ ကူဘိုတာဟာ   စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ကိုယ်တိုင်ပါဝင်ဆန္ဒပြခဲ့သူဖြစ်တယ်လို့  စွပ်စွဲထားပါတယ်။ 

ဂျပန်အစိုးရကတော့  မစ္စတာ တိုရူ ကူဘိုတာကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကိုတောင်းဆိုထားသလို  ဂျပန်အာဏာရပါတီက အောက်လွှတ်တော်အမတ် ဝါတာနာဘေးကလည်း ဩဂုတ် ၁၁ ရက်က စစ်ခေါင်းဆောင်  မင်းအောင်လှိုင်ကို နေပြည်တော်မှာ တွေ့ဆုံပြီးတောင်းဆိုထားပါတယ်။ 

ဒီအမှုကို သက်ဆိုင်ရာတရားရုံးတွေရဲ့ တရားရုံးစီရင်ချက်ကို စောင့်ရမှာဖြစ်ပြီး အမှုအားလုံးပြီးပြတ်မှသာ လုပ်ဆောင်သင့်တာတွေကို လုပ်ဆောင် သွားမယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024