DVB Logo
Home
မြန်မာသတင်း
ကရင်နီစစ်ရှောင်ပြည်သူများ ရိက္ခာရှားပါးပြတ်လပ်ပြီး ထမင်းနပ်မှန်အောင် မစားနိုင်သူများရှိနေ
DVB
·
August 30, 2022
ကရင်နီစစ်ရှောင်ပြည်သူများ  ရိက္ခာရှားပါးပြတ်လပ်ပြီး ထမင်းနပ်မှန်အောင် မစားနိုင်သူများရှိနေ
Donate to DVB

စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော် စစ်ရှောင်နေကြတဲ့ ကရင်နီ (ကယား)ပြည်နယ်က  စစ်ဘေးရှောင်ပြည်သူတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလှူရှင်နည်းပါးလာမှုနဲ့ စစ်ကောင်စီရဲ့ ပိတ်ဆို့တားဆီးမှုတွေကြောင့် စားနပ်ရိက္ခာပြတ်လပ် ထမင်းနပ်မှန်အောင်မစားနိုင်တော့တဲ့ အခြေအနေရောက်နေတယ်လို့ ဒေသခံ အကူအညီပေးရေးအဖွဲ့တွေထံက သိရပါတယ်။  

လတ်တလော မြန်မာငွေကျပ်တန်ဖိုးဆက်တိုက်ကျဆင်းမှုနဲ့ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်မှုကြောင့် မြန်မာနိုင်ငံတဝန်း ဆန်၊ ဆီအပါအဝင် အခြေခံကုန်ဈေးနှုန်းတွေ မြင့်တက်လာနေသလို ကရင်နီပြည်နယ်မှာလည်း ကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်လာမှု၊ အလှူရှင်နည်းပါးလာမှုကြောင့် စားနပ်ရိက္ခာမလုံလောက်တော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတာပါ။ 

ကရင်နီစစ်ရှောင်အရေး လိုက်လံကူညီပေးနေတဲ့ ဒေါ်လူဆီးယာက “ တချို့ စခန်းတွေက တကယ်စားစရာ ဆန်ကို မရှိတော့လို့ ကော်မတီကနေ ပေးလာတဲ့ လူတယောက်မှ ဆန် ၂ ပြည်၊ ၃ ပြည်နှုန်းမိသားစုကို တလ တပုံးနှုန်းနဲ့ပဲ ပေးတဲ့အခါကျတော့သူတို့က ဘယ်လိုမှမဖူလုံဘူး။ မလလောက်ငတော့ဘူးပေါ့နော်။”လို့ပြောပါတယ်။

လက်ရှိစစ်ရှောင်စခန်းအများစုက အဓိက ဆန်ကိုရရှိရေးပဲ တောင်းဆိုလာနေကြတယ်လို့လည်း ဆိုပါတယ်။

“Camp တိုင်း၊ Camp တိုင်းက ဘာတောင်းလာလဲဆိုတော့ ဆန်တွေတောင်းလာကြတယ်။ ညီမတို့ဆီဆိုရင် အခုတလော ဒီလကစပြီး ကုန်ဈေးနှုန်းအရမ်းမြင့်တက်လာတဲ့လကစပြီး သူတို့ဆန်တွေပဲ တောင်းလာကြတယ်။ အခုတလောက နည်းနည်းစုံတယ်ပြောရမှာပေါ့ ဖျားနာတဲ့သူတွေရော၊ ကလေးတွေရော နာတာရှည်ရောဂါရှိတဲ့ လူကြီးတွေ ဆေးကုသမှုခံယူရမယ့် လူတွေအများကြီး အကူညီလာတောင်းကြတယ်။ ကျန်းမာရေးပိုင်းလည်း တော်တော်ကို ဆေးဝါး လိုအပ်တာတွေများတယ်။ စားနပ်ရိက္ခာဆိုရင်လည်း ဆန်တွေက အစ အရမ်းကြီးကို ပြန်လိုအပ်နေပြီ၊ တော်တော်ကို ပြတ်လပ်ကုန်ပြီ။ ”

စစ်ရှောင်အများစုရှိနေတဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက ဆောင်ဒူလာကျေးရွာအုပ်စု ဘက်က စစ်ရှောင်တွေဟာလည်း အလှူရှင်နည်းပါးလာတဲ့တွက် စားဝတ်နေရေး အခက်အခဲနဲ့ ရင်ဆိုင်နေကြတယ်လို့ ဒီးမော့ဆို ဒေသခံ လူငယ်တဦးကပြောပါတယ်။

“ဆော်ပထန်ဘက် အလှူရှင်သိပ်မလာလို့ပြောတယ်။ လူတဦးကို တလ ဆန် ၄ ပြည်ရတာ မလောက်ဘူးပြောတယ်။ တရက်တဘူးနှုန်းရတာ။”

ဒါ့အပြင် ကရင်နီဒေသမှာ အရင်က ဆန်တအိတ်ကို ကျပ် ၃၀,၀၀၀ ကျော်ပေးဝယ်လို့ရရာကနေ အခု ဆန်တအိတ်ဈေးဟာ ကျပ် ၅၀,၀၀၀ ကျော် အထိနှစ်ဆနီးပါး မြင့်တက်လာနေပါတယ်။

ဒါ့ကြောင့် အလှူရှင်တွေဆီက အလှူငွေရရင်အရင်က ဆန် ၂ အိတ်ဝယ်လို့ရရင် အခု ဆန် တအိတ်ပဲ ဝယ်လို့ရတဲ့အခြေအနေမှာရှိနေတယ်လို့ ဆိုပါတယ်။

ဒီလို ဆန်ပြတ်လပ်မှုကြောင့် စစ်ဘေးရှောင်မိသားစုချို့ဆိုရင်  တရက်ကို ထမင်းတနပ်ပဲ စားသောက်နေရတာ၊ တချို့ ဆန်ပြုတ်တွေကိုသာ အားထားစားသုံးနေရတယ်လို့ ဒေသခံက ပြောပါတယ်။

“ကုန်ဈေးနှုန်းက အရင်က စားဆန်နဲ့ ဆီတို့ အရင်ကထက် ထက်ဝက်ကျော်တက်နေပြီ။ အရင်က  နှစ်သောင်းခွဲဆိုရင် အခု ငါးသောင်း၊ ငါးသောင်းကျော် အဲလို ဝယ်စားရမယ်အခြေအနေဆိုတော့ အရင်တုန်းကတောင်မှ မဝယ်စားနိုင်ဘူးလေ။ စားဆီတောင်မှ မစားတော့တဲ့ အိမ်တွေအများကြီးရှိတယ်။ စစ်ရှောင်ထဲမှာ။ ဆီတောင်မဝယ်စားတော့တဲ့အခြေအနေ အဲလို ရောက်သွားတယ်။ သူတို့ဆီကို ကန်စွန်းရွက်တစည်းပဲလှူလှူ ဆပ်ပြာလေးတထုပ်ပဲ လှူလှူ ဘယ်ဟာပဲ ဖြစ်ဖြစ်သူတို့အတွက်အသုံးဝင်တယ်လိုအပ်တယ်လို့ ပြောလာတာ ရှိတယ်ပေါ့နော်။”

ဒါ့အပြင် စစ်ရှောင်တွေအနေနဲ့ ထွက်ပြေးတိမ်းရှောင်ရတဲ့အတွက် အရင်သူတို့စိုက်ပျိုးနေကျ လယ်တွေလည်း ပြန်လုပ်လို့မရသေလို စစ်ကောင်စီတပ်ကလည်း အဲဒီလယ်တွေအပေါ် မိုင်းတွေ ထောင်ထားလို့ ဒီစစ်ရှောင်တွဟာ ပိုပြီး စားနပ်ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်ရဖို့ရှိတယ်လို့ ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ယက် Karenni Civil Society Network – KCSN တာဝန်ခံ ခူးကိုရယ်က ပြောပါတယ်။

“ကျနော်တို့က ဒီတော်လှန်ရေး ရေရှည်ဖြစ်လို့ရှိရင် အဓိက စစ်ရှောင်တွေ ဘယ်လိုမျိုး ရပ်တည်မလဲဆိုတဲ့ဟာ စဉ်းစားကြည့်လို့ရှိရင် တော်တာ်လေး အဖြေရှာမရဖြစ်နေတာပေါ့နော်။ အဓိက ကျနော်တို့ ပြောတဲ့ အလှူရှင်က မြန်မြန်ဆန်ဆန် ကျနော်တို့ကို လှည့်မကြည့်လို့ရှိရင် ကျနော်တို့ စစ်ရှောင်တွေက ဒီထက် ငတ်ပြတ်တဲ့ အခြေအန ရောက်ရှိနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ နှစ်နဲ့ချီပြီးတော့မှ လယ်ယာတွေ၊တောင်ယာတွေ သူတို့လုပ်လို့မရ တော့ဘူးလေ။ တချို့အနည်းအကျဉ်းသာ သူတို့ပြန်ပြီးမှ လုပ်နေကြတဲ့လူတွေတော့ရှိတယ်။ ဒါပေမဲ့ ဖူတော့မဖူလုံနိုင်ဘူးပေါ့နော်။တချို့လယ်တွေမှာဆိုရင် တချို့ မြို့နဲ့နီးတဲ့ လယ်တွေဆိုရင် စစ်တပ်က သူတို့မိုင်းတွေဘာတွေ လာထောင်ထားတာရှိတယ်ဆိုတော့ သူတို့က လယ်တွေ ဘာတွေ စိုက်ပျိုးလို့မရ အဲလိုရှိတယ်။”

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်အနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ကရင်နီစစ်ရှောင်တွေကိုကူညီဖို့၊ ဒါ့အပြင် နယ်စပ် ဖြတ်ကျော်အကူအညီပေးဖို့ တိုက်တွန်းနေတာရှိပေမဲ့ တကယ်လက်တွေမှာ အကူအညီတွေကို မြို့ပေါ်လောက်ကလွဲလို့ တကယ့် စစ်ရှောင်တွေ လိုအပ်တဲ့နေရာမှာ မပေးနိုင်တဲ့အခြေအနေမှာ ရှိနေတယ်လို့လည်း ဆိုပါတယ်။ 

ပြီးခဲ့တဲ့ဖေဖော်ဝါရီလလောက်ကစပြီး  စစ်ရှောင်စခန်းအတွက် စားနပ်ရိက္ခာသယ်ယူပို့ဆောင်ဖို့ အခက်အခဲရှိနေပြီး တချို့လမ်းကြောင်းမှာ ပေးမဖြတ်တာ၊ ဆန်အိတ် အရေအတွက် ၂၀ ထက် ပိုမသယ်ဖို့ ကန့်သတ်ထားတာရှိတယ်လို့ စစ်ရှောင်အရေးကူညီသူတွေက ပြောပါတယ်။

ပြည်တွင်းပြည်ပအလှူရှင်၊ အဖွဲ့အစည်းတွေက ထောက်ပံ့ထားတဲ့ ငွေကြေး၊ အသုံးအဆောင်ပစ္စည်းတွေကို စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ပေးနေပေမယ့် စစ်ရှောင်ဦးရေတိုးများလာသလို ကုန်ဈေးနှုန်း မြင့်တက်လာလို့ လုံလောက်မှုမရှိနိုင်သလို လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့်လည်း တချို့စစ်ရှောင်နေရာတွေကို မထောက်ပံ့နိုင်ဘူးလို့ ကင်နီလူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။ 

ကရင်နီပြည်မှာ လက်ရှိအချိန်အထိ စစ်ဘေးရှောင်လူဦးရေ ၂၂၀၀၀ ကျော် ရှိတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) က  ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နဲ့ အနီးတဝိုက်က စစ်ဘေးပဋိပက္ခဒဏ်သင့်ပြည်သူ ၈၀,၀၀၀ အတွက် စားနပ်ရိက္ခာနဲ့ အာဟာရ အထောက်အပံ့တွေကို ပြီးခဲ့တဲ့ မေလက  ဖြန့်ဝေပေးခဲ့ပေမဲ့ နောက်ပိုင်းမှာ ရိက္ခာဖြန့်ဝေတဲ့ သတင်းတွေ မတွေ့ရပါဘူး။

မြန်မာနိုင်ငံက စစ်ဘေးရှောင်တွေအပါအဝင် အကူအညီလိုအပ်နေသူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ အာဆီယံက အစည်းအဝေးကျင်းပ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ပေမဲ့ အကူအညီတွေကို စစ်ကောင်စီလက်ထဲကိုသာပေးအပ်ခဲ့ပြီး အခက်အခဲ ဒုက္ခနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေလက်ထဲကိုတော့ အကူအညီတွေ ရောက်လာတာမရှိပါဘူး။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013