DVB Logo
Home
Lead Story
‘အိမ်’
DVB
·
August 29, 2022
‘အိမ်’
Donate to DVB

‘ကမ္ဘာမြေမှာ ခိုလှုံရာ ခေါ်ဆိုတဲ့အိမ်...’

ဒီစာသားလေးက တေးရေး၊ တေးဆို ဓီရာမိုရ် သီချင်းထဲမှာပါတဲ့ စာသားဖြစ်သည်။ ဒီရက်ပိုင်းထဲမှာ ဒီသီချင်းက ပါးစပ်ထဲ အလိုလိုရောက်လာပြီး ညည်းမိနေသည်။

မကြာသေးခင်ကမှ ဆန်တွေ၊ ဆီတွေ မျှဝေပေးသည့် ပရဟိတအဖွဲ့လေးတဖွဲ့မှာ  လုပ်အားပေး ပါဝင်ကူညီရင်း ရန်ကုန်မြို့၏ နယ်နိမိတ်ထဲက ကျူးတွေ အများကြီးရှိသည့် မြို့နယ်လေးတခုကို ရောက်ဖြစ်ခဲ့သည်။ ထို့မြို့နယ်ထဲက ရပ်ကွက်လေးတခုမှာ မြစ်၀ကျွန်းပေါ်က အညာက မြန်မာပြည် နယ်ပယ်ပေါင်းစုံက ရောက်ရှိအခြေချကြသည့် မိသားစုဝင်တွေ အများကြီးရှိသည်။

သည်ရပ်ကွက်ထဲက အိမ်တွေက ‘အိမ်’ ဆိုပြီး အမည်နာမတပ်ထားလို့သာ သူတို့၏အိမ်ဟု လက်ခံလိုက်ရသော်လည်း ကန်စွန်းခင်းပေါ်မှာ ဖြစ်ကတတ်ဆန်း ဆောက်ထားသည့်၊ နင်းလျှောက်လိုက်တိုင်း တဂျောင်းဂျောင်း အသံမြည်ပြီး ခနော်နီခနော်နဲ့ ဝါးကြမ်းဖြင့် ဆောက်ထားသည့် မည်ကာမတ္တအိမ်ကလေးတွေသာ ဖြစ်သည်။ အိမ်သာလည်း မပါ၊ ထမင်း၊ ဟင်း ချက်တော့လည်း ဒီနေရာ၊ စားတော့လည်း ဒီနေရာ၊ အိပ်တော့လည်း ဒီနေရာပင် ဖြစ်သည်။ မြင်ကွင်းတဆုံး ကြည့်လိုက်ပြန်တော့လည်း ဆင်တူယိုးမှား အိမ်တွေချည်း။ 

ကျမတို့ ပရဟိတအဖွဲ့က အစားအသောက် ဝေငှရုံသက်သက်မကပဲ၊ အမိုးအကာ အလိုအပ်ဆုံးသော အိမ်တွေအတွက် တာလပတ်အမိုးအကာများကိုပါ စေတနာရှင်များက ထပ်ဆောင်းလှူဒါန်းပေးသည်။ အချို့အိမ်တွေက မိုးမလုံသောခေါင်အတွက် အမိုး၊ အချပ်လိုက် ကွာကျနေသော အကာအရံတွေအတွက် အကာများကို တအိမ်တက်ဆင်း မျှဝေပေးသည်။

သည်ရပ်ကွက်မှာနေသည့် လူကြီးတွေအားလုံးလိုလိုက ကျပန်းအလုပ်အတွက် မိုးလင်းသည်နှင့် လုပ်ငန်းခွင်ရှိရာသွားကာ အလုပ်ရှာထွက်ကြသည်။ ကျန်ခဲ့သည့် ကလေးတွေက အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရင်း ရွှံ့တော၊ ဗွက်တောထဲ ပျော်ပျော်ကြီး လူးပြီး ဆော့နေကြသည်။ တချို့ကလေးတွေ မနက်စာကို ရှူးရှဲလက်ဖက်ထုပ်နှင့် ဖြစ်စေ၊ ဗယာကြော်တစ်ခုနှင့် ဖြစ်စေ အဆင်ပြေသလို ဖြေရှင်းကြသည်။ မိဘတွေ ပြန်လာလျှင်တော့ ညစာတနပ် ကောင်းကောင်းစားရမည် ထင်သည်။

တနေရာမှာ လူစုစုကို မြင်တော့ အသုဘချဖို့အတွက် ပြင်ဆင်နေတာဟု အနားကလူများက ပြောသည်။ 

“အဲဒီအမျိုးသမီး ဘဝက သိပ်သနားဖို့ကောင်းတာပဲဗျာ။ နေရတဲ့အိမ်လေးကို လိုက်ကြည့်ပါဦးလား’ ဟု ပြောကြသည်။ အသုဘပို့ဖို့ လူအုပ်ကြီး ထွက်သွားတော့ ကွယ်လွန်သူ၏အိမ်ရှိရာကို ရောက်သည်။ အများသူငါသောက်ဖို့ ဆောက်ထားသည့် လမ်းဘေးက ရေအိုးစင်ထက် အနည်းငယ်ပိုကြီးသော တဲအိမ်ငယ်လေးတစ်လုံးမျှသာ ဖြစ်သည်။

သူ့အိမ်ကလေးကို မြင်တော့ ထိုအမျိုးသမီးဘ၀မှာ ဘာမှလည်း မပိုင်ဆိုင်ခဲ့ဖူးသလို ဘာမှလည်း ယူမသွားနိုင်ခဲ့ပါလား ဆိုသည့်အတွေး ဝင်လာမိသည်။ ပိုင်ဆိုင်မှုတွေများစွာရှိသည့် လူတွေဟာ ဘာအတွက်ကြောင့်များ စည်းစိမ်ချမ်းသာကို ငမ်းငမ်းတက် မက်မောနေကြပါလိမ့် ဆိုသည့်အတွေးက ထပ်ဆင့်ဝင်ရောက်လာသည်။ ပိုင်ဆိုင်မှုများလေလေ ပိုပြီး လောဘတပ်မက်သူတွေ ဖြစ်လေလေပဲ ဖြစ်လိမ့်မည်။ တနိုင်ငံလုံးကို သူပိုင်သည့် အရာလို ထင်သလိုလုပ်နေသည့် တချို့လူတွေ၏လောဘက ပိုကြောက်စရာကောင်းသည်။

အဲဒီနေ့က အိမ်ပြန်အလမ်းမှာ မိုး အတော်သည်းသည်းရွာသည်။ မိုးချည်းမဟုတ် လေလည်း ပါသည်မို့ အတော်အေးသည်။ အိမ်အမြန်ပြန်ရောက်ချင်ဇောနှင့် ခပ်သွက်သွက်လျှောက်မိသည်။ အိမ်တံစက်မြိတ်အောက်သို့ လှမ်းဝင်လိုက်သည်နှင့် အိမ်ပြန်ရောက်ပြီဆိုသော အတွေးကြောင့် နွေးထွေးသွားရသည်။

အချို့သောသူတွေအဖို့ ပြန်စရာအိမ် မရှိတော့။ အချို့က အိမ်ပြန်မလာနိုင်တော့သလို အချို့က နွေးထွေးသည့် အမိုးအကာအောက်မှာ နွေးထွေးသည့် မိဘ အရိပ်အာဝါသအောက်မှာ ရှိမနေကြတော့ပေ။ နွေးထွေးသည့် နှလုံးသားရှိသူအချင်းချင်း စုပေါင်းပြီး ရေမြေအသစ် နေရာအသစ်မှာ ပျော်အောင်နေကြရင်း အနာဂတ်၏ရောင်နီသစ်ကို လှမ်းမျှော်ကောင်း မျှော်နေကြလိမ့်မည်။

အချို့သော အိမ်ရာမဲ့ ကလေးတွေကတော့ စာသင်ခန်းထဲ စာသင်နေရင်း ဗုံးလာကြဲသည့် လေယာဥ်သံ ကြားသည်နှင့် လွတ်ရာကင်းရာကို ပြေးပုန်းနေရဆဲ။ ဗုံးခိုကျင်းတွေထဲ ခေါင်းမဖော်ရဲ ဖြစ်နေရဆဲပင် ဖြစ်သည်။ ဓီရာမိုရ် သီချင်းထဲကလို ‘ကလေးလေးတွေ နွေးထွေးဖို့လေ ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ..’ ဆိုသည့်အချိန် ဘယ်တော့များမှ ရောက်မှာပါလိမ့်။

ဓီရာမိုရ့်သီချင်းကို ဆက်ညည်းမိရင်း အိမ်ရာမဲ့သူများ အိမ်ပျောက်သူများအားလုံး ကိုယ်စီ အိမ်ပြန်ရမယ့်နေ့တွေကို အမြန်ဆုံး ရောက်ရှိဖို့ မျှော်လင့်မိသည်။

‘ကမ္ဘာမြေမှာခိုလှုံရာခေါ်ဆိုတဲ့အိမ်၊ ကျူထရံတွေကာရံကာ ဓနိမိုးအိမ်၊

ရံရွေအလည် ထည်ဝါစွာ ဆင်စွယ်နန်းအိမ်

နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်’

စု

(The Myanmar Peace Narrative မှ ရေးသားတင်ဆက်သည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013