DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်စခန်းကို ကော်ဘရာစစ်ကြောင်းပူးပေါင်းအဖွဲ့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်
DVB
·
August 29, 2022
စစ်ကောင်စီတပ်စခန်းကို ကော်ဘရာစစ်ကြောင်းပူးပေါင်းအဖွဲ့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီ - ဝေါလေ ကားလမ်းမပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို ကော်ဘရာစစ်ကြောင်းနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်နေတဲ့ Federal Wings Drone အဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က CQ ၁ ယောက်၊ တပ်ကြပ် ကြီး ၁ ယောက်၊ စုစုပေါင်း ၂ ယောက် သေဆုံးခဲ့တယ်လို့ ကော်ဘရာတပ်ဖွဲ့က  ထုတ်ပြန်ပါတယ်။

ဩဂုတ် ၂၈ ရက်မနေ့ ည ၁၂ နာရီလောက်မှာ မြဝတီ - ဝေါလေ ကားလမ်းမပေါ်က ကျော်ဝါးဘိုးဘုရားနားမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က အရာရှိ ၂ ယောက်နဲ့ အခြားအဆင့် ၃ ယောက်အပါအဝင် စုစုပေါင်း ၅ ယောက်ကတော့ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်မြေပြင်သတင်း အတည်ပြုချက်အရ ဖော်ပြထားတာပါ။

ကော်ဘရာစစ်ကြောင်းအနေနဲ့ လတ်တလောနယ်မြေတွင်းမှာတော့ တိုက်ပွဲတွေ ပြင်းထန်နေတာမို့ စစ်‌ကြောင်းရဲ့ သတင်းအချက်အလက်တွေကို စစ်ရေးအရ သင့်လျော်တဲ့ အချိန်မှာသာ တိကျစွာ ထုတ်ပြန်နေတာကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပွားစေဖို့အတွက် ပြင်ပကနေ သတင်းမှား ဖြန့်ဝေသူတွေကိုလည်း တော်လှန်သော အသိစိတ်ဓာတ်နဲ့ ဝိုင်းဝန်းရှောင်ရှား ပေးစေလိုတယ်လို့ ပြောထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နောက်ဆုံးထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်နေပြီး ဇူလိုင် ၇ ရက်ကနေ ဩဂုတ် ၆ ရက်အထိ  တစ်လတာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ၂,၁၅၁ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်း တိုက်ပွဲဖြစ်ပွားမှုအနေနဲ့ ကရင်ပြည်နယ်မှာ ၂၁၉ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၂၀၂ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းကတော့ ဗုံးပေါက်ကွဲမှု ၇၄ ကြိမ်နဲ့ အများဆုံးဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည် အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013