Home
မြန်မာသတင်း
ခမောင်းဆိပ်တိုက်ပွဲတွင် စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် ပစ်ခတ်
DVB
·
August 28, 2022
301109965_5307325015982440_8289751783866383398_n

မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်ဗျူဟာကုန်းကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရက္ခိုင့်တပ်တော် (အေအေ) တပ်ဖွဲ့အား စစ်ကောင်စီက တိုက်လေယာဥ် နှစ်စီးနဲ့ သြဂုတ် ၂၈ ရက် ညနေ ၃ နာရီ ၂၀ လောက်  လာရောက် ပစ်ခတ်နေတယ်လို့ မျက်မြင်ခမောင်းဆိပ်ဒေသခံတွေက  ပြောပါတယ်။

"မနေ့က တိုက်လေယာဥ် ၂ စီးနဲ့ ညနေ ၄ နာရီကျော်မှာ လာပစ်သွားတယ်။ ဒီနေ့တော့ ညနေ ၃ နာရီ ၂၀ လောက်မှာ လာပစ်နေတာ။ နေရာအနှံ့ကို ပစ်နေတာ။ ခမောင်းဆိပ်မြို့ပေါ်ထိတောင် ကျတာတွေ အဝေးကမြင်နေရတယ်။" 

အင်အား ၅၀၀ ကျော်ပါတဲ့ အေအေတပ်ဟာ ဩဂုတ် ၂၆ ရက်ကစလို့ အင်အား ၁၅၀ လောက်ရှိတဲ့ ဗျူဟာကုန်းကို ထိုးစစ်ဆင် တိုက်ခိုက်နေတာဟာ ၃ ရက်မြောက်ခဲ့ပြီဖြစ်ပြီး  သြဂုတ် ၂၇ ရက်  လေကြောင်းတိုက်ခိုက်မှုမှာတော့ အေအေဘက်က ထိခိုက်ဒဏ်ရာရတာ ရှိတယ်လို့ အေအေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"မနေက စစ်တွေက လေကြောင်းတက်လာတဲ့ သတင်းအချက်အလက်ရတာနဲ့ ​ခြေရာဖျောက်နိုင်ခဲ့ကြတယ်။ ဒီနေ့ တိုက်တာလည်း ဘာမှတော့ဖြစ်မှာမဟုတ်ဘူး။ ဗျုဟာကုန်းကိုတော့ မရရင် အရသိမ်းသွားမယ်လို့ သိရတယ်။ စစ်ကောင်စီဘက်က ကျဆုံးမှုက များနေတယ်။" 

ခမောင်းဆိပ် စစ်ဗျူဟာမှာ လက်ရှိ တာဝန်ကျနေတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ စစ်သားတွေ ရိက္ခာပြတ်လပ်နေတာကြောင့် ခမောင်းဆိပ်ကျေးရွာမှ ဆိပ်၊ ကြက်တွေကို မတရားရယူပြီး ရိက္ခာဖြည့်တင်းနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ ခမောင်းဆိပ်က လူတွေလည်း ထွက်ပြေးနေကြရတော။ ရွာမှာကျန်နေတဲ့ ကြက်၊ ဆိပ်၊ ဝက်တွေက သူတို့အတွက် ရိက္ခာဖြစ်သွားတာပေါ့”  ခမောင်ဆိပ်ဒေသခံတဦးက ပြောပါတယ်။

ခမောင်းဆိပ်ဗျူဟာကုန်းဟာ မြို့အနောက်ဘက်မှာ အခြေပြုထားပြီး ငါးရံချောင်း၊ ဝေလာတောင်၊ အောင်ဇူ၊ မင်းခမောက်၊ လေးမြို့ကေဒီ စတဲ့ ကျေးရွာအုပ်စုတွေအပြင် နယ်စပ်မှတ်တိုင် ၃၈ မှ ၄၂ အထိ ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် အေအေအခြေစိုက်ရာ ဝေလာတောင်ကြောက လက်ပံတောင်ဒေသကို စစ်ကောင်စီက ဗျူဟာအထိုင်ချပြီး စောင်ကြည့်တိုက်ခိုက်နေတာကြောင့် အေအေအနေနဲ့ ဘင်္ဂလာ-မြန်မာနယ်စပ်ကို ထိန်းချုပ်နိုင်ဖို့ အဓိကကျတဲ့ အဆိုပါဗျူဟာကုန်းအား မရအရ ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ သိရပါတယ်။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး နှစ်ဖက်တပ်တွေ သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ မောင်တော-အငူမော်ကားလမ်းတလျှောက်က ကျေးရွာဒေသခံတွေအားလုံး ဩဂုတ် ၂၇ ရက်မှာ နေရပ်ပြန်လာကြပေမဲ့ အငူမော်လမ်းကိုတော့ ဒီနေ့အထိ မဖွင့်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် မေယုတောင်ကို ကျော်ကာ မေယုကမ်းအရှေ့ဘက်ရွာတွေဆီ သွားရောက် ခိုလှုံနေရတဲ့ ချိန်ခါလီ၊ ဒုံးပိုက်၊ ကိုးတန်ကောက်၊ အောင်ဗလ၊ ကုန်တန်းစတဲ့​ကျေးရွာတွေက ဒေသခံ ၅၀၀ လောက် ပြန်လာကြတာပါ။

ချိန်ခါလီကျေးရွာအုပ်ချုပ်ရေးမှူးက "မနေ့တည်းက ရွာသူ၊ ရွာသားတွေအားလုံး ရွာကို ပြန်လာကြပြီ။ သက်ကြီးရွယ်အိုပိုင်းတွေတော မေယုကမ်းဖက်က ဆွေးမျိုးအိမ်တွေမှာ ထားခဲ့ကြတယ်။ တိုက်ပွဲ ဆိုတာက ဘယ်အချိန်ထဖြစ်မလဲ မသိဘူး။ ဒီမှာ စပါးစိုက်ထားတာတွေလည်း ထိန်းသိမ်းရမှာမို့ ပြန်လာကြတာ" လို့ ပြောပါတယ်။

ရသေ့တောင်မြို့နယ် မောင်တော-အငူမော်ကားလမ်းပေါ်က ချိန်ခါလီရွာနားမှာ   သြဂုတ် ၁၃ ရက်က စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တာပါ။

ကိုးတန်ကောက်ရွာသား တဦးက  "တိုက်ပွဲတွေ ငြိမ်သွားတော့ မိမိရွာတွေကို အားလုံးပြန်လာခဲ့ ကြပါပြီ။ အငူမော်လမ်းကတော ဒီနေ့အထိ မဖွင့်သေးဘူး။ လမ်းမဖွင့်တော့ ကျန်းမားရေးကိစ္စတို့ စားနပ်ရိက္ခာ ပြတ်လပ်တာတော့ ရှိတယ်"လို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ရသေ့တောင်မြို့နယ်ထဲက မောင်တော-အငူမော်ကားလမ်းကို ဩဂုတ် ၁၄ ရက်ကစပြီး ဒီနေ့အထိ ပိတ်ထားတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024