DVB Logo
Home
မြန်မာသတင်း
သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်
DVB
·
April 21, 2014
သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင် (အသက်-၈၅ နှစ်) ဟာ ဒီကနေ့မနက် ၆ နာရီခွဲက ရန်ကုန်မြို့မှာ ကွယ်လွန်ပါတယ်။

U WIN TINဦးဝင်းတင်ဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး မှာ မတ်လ ၁၂ ရက်နေ့ကတည်းက တက်ရောက်ကုသနေ တာဖြစ်ပြီး အထူးစိုးရိမ်ရလို့ အရေးပေါ် အထူးကြပ်မတ် ကုသဆောင်မှာ ကုသမှုခံယူနေရင်း ကွယ်လွန်သွားတာပါ။ သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ ၁၉၈၈ ခုနှစ် သမိုင်းဝင်ရှစ်လေးလုံး လူထုအုံကြွမှု ဖြိုခွင်းခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ထူထောင်သူတဦးဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ သူ့ရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးထောင်ချခံရပြီး နောက်ထပ်နှစ်ကြိမ် ပြစ်ဒဏ်သက်တမ်းတိုး နေခဲ့ရပါတယ်။ ထောင်တွင်း ၁၉ နှစ်ကြာနေထိုင်ခဲ့ရပြီးနောက် ၂၀၀၈ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်ခဲ့ပေမယ့် အပြင်မှာလည်း စစ်အုပ်ချုပ်မှုကို ဆန့်ကျင်မှုအဖြစ် ထောင်ဝတ်စုံ အပြာကို ကွယ်လွန်တဲ့အထိ တောက်လျှောက် ၀တ်ဆင်ခဲ့ပါတယ်။ ထောင်ပြင်ရောက်ပြီး ရေးသားတဲ့ ဦးဝင်းတင်ရဲ့ “ဘာလဲဟဲ့ လူ့ငရဲ” ဆိုတဲ့ စာအုပ်ဟာ အာဏာပိုင်တွေရဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် စစ်ကြောရေးမှာရော၊ အကျဉ်းထောင်တွင်းမှာပါ နှိပ်စက်ရက်စက်မှုတွေကို ခြယ်မှုန်းထားတာ ပေါ်လွင်လှပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားကိုးရတဲ့လက်ရုံးအဖြစ် လူသိများပြီး တခါတရံ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ပြဝေဖန်လေ့ရှိသူအဖြစ်လည်း အသိအမှတ်ပြုခံရပါတယ်။ ဦးဝင်းတင်ကို ပဲခူးတိုင်း ကြို့ပင်ကောက် မြို့မှာ မွေးဖွားခဲ့ပြီး ၁၉၅၃ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ်က အင်္ဂလိပ် စာပေ၊ ခေတ်သစ် ရာဇဝင်နှင့် နိုင်ငံရေး သိပံ္ပ ဘာသာ တွဲနဲ့ ဝိဇ္ဇာဘွဲ့ ရခဲ့ပါတယ်။ ကြေးမုံသတင်းစာထူထောင်ရာမှာ ပါဝင်ခဲ့တဲ့ ဦးဝင်းတင်ဟာ စာပေ၊ ပန်းချီ၊ သဘင်ဂီတ၊ နိုင်ငံရေး၊ ဆောင်းပါး စာတမ်း ဝေဖန် သုံးသပ်ချက် အစရှိတာတွေ အမြောက်အမြား ရေးသားခဲ့သူဖြစ်ပါတယ်။

ဦးဝင်းတင် ဈာပနအခမ်းအနားအစီအစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင် ဈာပနအခမ်းအနားအစီအစဉ် လာမယ့် ဧပြီ ၂၃ ရက်နေ့ ပြုလုပ်မယ်လို့ သိရပါတယ်။

အဖွဲ့ချုပ်သဘာပတိအဖွဲ့နာယက ဦးတင်ဦးရဲ့ ဦးဆောင်မှုနဲ့ ဦးဝင်းတင် ဈာပနအခမ်းအနားကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဦးဝင်းတင်ရဲ့ ရုပ်ကလပ်ကို ရေဝေးသုသာန်အအေးခန်းမှာထားရှိပြီး ဧပြီ ၂၃ ရက်နေ့ နေ့လည် ၁၂ နာရီမှ ၅ နာရီထိ ရေးဝေးသုသာန်မှာ အသုဘရှု ဂါဝရပြု အခမ်းအနားကျင်းပပြီး ညနေ ၅ နာရီ သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

ဦးဝင်းတင်အတွက် ၀မ်းနည်းခြင်းမှတ်တမ်း ရေးနိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်နဲ့  ပြည်လမ်း ယုဒသန်ခန်းမတို့မှာ စီစဉ်ထားရှိပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သဘာပတိအဖွဲ့ဝင် ဦးဝင်းတင် ကွယ်လွန်သွားခြင်းအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တိုင်းနဲ့ ပြည်နယ်ရှိ အဖွဲ့ချုပ်ရုံးတွေမှာ ဒီနေ့မှ စတင်ပြီး ဧပြီ ၂၃ ရက်နေ့ ညနေ ၆ နာရီထိ အဖွဲ့ချုပ်အလံ တ၀က်ချထားမှာ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013