DVB Logo
Home
Lead Story
ပြည်ထောင်စုဖွား အညာသား
DVB
·
August 26, 2022
ပြည်ထောင်စုဖွား အညာသား
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲ့ အထက်ဘက်မှာ‌ နေထိုင်သူတွေကို ရန်ကုန်သားတွေခေါ်တာ ‘အညာသား’ တဲ့။ မန္တလေးသားတွေ ခေါ်တာကလည်း ‘အညာသား’ ပါပဲ။ 

အဲဒီအညာသားတွေက တော်လှန်ရေး စိတ်ဓာတ်နဲ့ ‘စစ်ခွေးသင်္ချိုင်း စစ်ကိုင်းတိုင်း’ လို့ ဆိုကာ မအလရဲ့ အရှိုက်ကို ထိုးနှက်ခဲ့ကြတယ်။ အမြစ်ပြတ်အောင် တိုက်မယ့် အညာသားတွေ၊ တော်လှန်ရေးအစ အညာကလို့ ပြောရင် ငြင်းနိုင်စရာစကား ရှိမယ်တောင် မထင်ပါဘူး။ တရားမဝင် အာဏာစသိမ်းချိန်က ဗိုလ်နဂါး ပြောခဲ့တဲ့စကား “လက်နက်ကိုင်တိုက်ပွဲဝင်မှ ဒီအရေးတော်ပုံအောင်နိုင်မှာ” ဆိုပြီး ရရာလက်နက် စွဲကိုင်ပြီး ‌တော်လှန်ဖို့ ပြင်ဆင်ခဲ့ကြပါ‌တော့တယ်။ လူအင်အား၊ လက်နက်အင်အား မယှဉ်နိုင်အောင် သာလွန်တဲ့ မအလစစ်တပ်ကို တူမီးတလက်၊ ဒူးလေးတဖက်နဲ့ ဓားကိုသွေးရင်း တိုက်ပွဲခေါ်သံ ညာသံပေးတာ အညာမြေက တောသူတောင်သား အညာသားတွေပါပဲ။ 

အထိနာတဲ့ မအလဟာ တွေ့သမျှလူ ဖမ်းဆီးကာ နှိပ်စက်သတ်ဖြတ်၊ ရွာတွေကို မီးလောင်တိုက်သွင်း၊ ရွှေ ငွေ ဆန်စပါး လုယက်ခိုးယူ၊ ကြက်၊ ဝက်၊ ကျွဲ၊ နွားတွေကို သတ်ဖြတ်စားသောက်ခဲ့ကြတယ်။ အညာသားတွေမှာ ပိုနာကြည်းပြီး ယောကျ်ားမှန်ရင် PDF ထဲဝင်၊ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေက ထောက်ပို့တပ်သားအဖြစ်နဲ့ တော်လှန်ရေးရဲဘော်တွေ ဖြစ်ခဲ့ကြတယ်။ ယောကျ်ားမှာဖိနပ် မိန်းမမှာနားကပ်တဲ့၊ ဆိုရိုးစကားရှိခဲ့တယ်။ ဒီတော်လှန်ရေးအတွက် အမြတ်တနိုး ဆင်မြန်းထားတဲ့ နားကပ်နဲ့ ရွှေတိုရွှေစတွေ မိန်းမသားတွေက ချွတ်လှူကြသလို အိမ်သားတွေက ရှိုးဝါးဖိနပ်နဲ့ တိုက်ပွဲဝင်ခဲ့ကြတယ်။ တနယ်တကျေးမှာ စီးပွားရေးအရ ငွေရှာသွားနေတဲ့ လူငယ်တွေက ရောက်ရာအရပ်ကနေ ကိုယ့်ရပ်ရွာကို အရောက်ပြန်ပြီး ပြည်သူ့ကာကွယ်ရေး ကိုယ့်ဒေသကာကွယ်ရေးအတွက် PDF တပ်သားအဖြစ် ဂုဏ်ယူစွာ ခံယူခဲ့ကြပါတယ်။

၅/ ဆို အလုပ်မခေါ် မအလအောက်ဆွဲ ဘောမ ခရိုနီတွေက အညာသားတွေကို ဖိနှိပ်ဖို့ အလုပ်ကနှင်ထုတ်တယ်၊ ခရီးသည်အဖြစ်နဲ့တောင် ကိုယ့်နိုင်ငံအတွင်း မြေကြောကျဉ်းခဲ့ရတဲ့ အညာသားတွေ နားကြည်းချက်လက်အစုံကို သေနတ်ကိုင်ဖို့ မအလနဲ့ စစ်အုပ်စုတသိုက်က တွန်းပို့ခဲ့ပါ‌တော့တယ်။

ပုဆိုးစုတ်ကို စလွယ်သိုင်းပြီး ဖိနပ်နှစ်ဖက် လက်မှာရှို၊ လွယ်အိတ်ထဲ လောက်လေးခွထည့် ကြောက်ရွံ့ခြင်း အလျဉ်းမရှိ၊ ဒီစစ်မိစ္ဆာအောက် ဒူး‌တော့မထောက်ဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ ဒီနေ့အထိ တိုက်ပွဲဝင်နေကြတာ တချို့ ပြန်စရာအိမ် မရှိတော့ဘူး၊ အကြမ်းဖက် စစ်ကောင်စီ မအလရဲ့ ကျွန်သဘောက်တွေက မီးရှို့ပြာချလိုက်ကြပြီ။ နွေးထွေးတဲ့မိသားစုတွေ မစုံလင်ကြတော့ဘူး၊ စစ်မိစ္ဆာ လူယုတ်မာတို့ရဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း ခံလိုက်ရပြီ။

နိုင်ငံတော်သစ် တည်‌ဆောက်ဖို့အတွက် ၅/ တွေ သမိုင်းမော်ကွန်း ရေးထိုးခဲ့ကြပြီ။ အညာတခွင် ဘယ်ဒေသကိုကြည့်မလဲ၊ စစ်တလင်းပြင်အဖြစ်နဲ့ပဲ မြင်ရမယ်။ လေယာဉ်နဲ့ဗုံးကြဲတယ်၊ ပျူစောထီး သွေးသောက်နဲ့ ပြည်သူ့စစ်ဆိုပြီး အကြမ်းဖက်စစ်အုပ်စုက တနယ်တည်းသားချင်း အိုးမည်းသုတ် ခွပ်ခိုင်းတယ်၊ အညာသားတွေက ကြံ့ကြံ့ခံ ပြန်တွန်းလှန်တိုက်ခိုက်ခဲ့ကြတယ်။

NUG ညွှန်ကြားချက်နဲ့ စာသင်ကျောင်းတွေ ဖွင့်လှစ်ခဲ့တယ်။ အားကစားပြိုင်ပွဲတွေ ကျင်းပပြီး အကြမ်းဖက်စစ်ကောင်စီဖွင့်တဲ့ စာသင်ကျောင်းကို သပိတ်မှောက်၊ NUG ရဲ့ လမ်းညွှန်မှုအောက်က ကြားကာလ ပညာရေးကို အား‌ပေးခဲ့ကြသလို မအလရဲ့ အကြမ်းဖက်စစ်ကောင်စီက အုပ်ချုပ်လို့မရအောင် တားဆီးထားကြတဲ့ အညတြ အာဇာနည် သူရဲကောင်းတွေလည်း အများအပြားရှိခဲ့ပါပြီ။

အခုဆိုရင် မမများနဲ့ပွဲကမယ်၊ စစ်ကိုင်းအောင်ပွဲ ပြည်သူ့အောင်ပွဲ၊ ပရောဂျက်ဆိုရင်လည်း သိန်းပေါင်း ၁၅,၀၀၀ ရည်မှန်းထား‌ပေမဲ့ သိန်းပေါင်း ၂၇,၇၀၀ ရရှိကာ ရည်မှန်းတာထက် ပိုအောင်မြင်ခဲ့ပါတယ်။ ဘာကြောင့် အောင်မြင်ခဲ့သလဲဆိုရင် နိုင်ငံအဝန်းက ပြည်သူတွေက စစ်ကိုင်းတိုင်းအပေါ်ထားတဲ့ အောင်မြင်လိုမှုတွေ တော်လှန်ရေးအတွက် အားပေးမှုတွေပါပဲ။ စစ်ကိုင်းတိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီဆိုရင် ဒီအောင်ပွဲ မဝေးတော့ပါဘူးလို့ပြောရင်း ...။

ပေကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013