DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာအရေး နိုင်ငံတကာထုတ်ပြန်ချက်များကို စစ်ကောင်စီ ကန့်ကွက်ပယ်ချ၊ ပြည်တွင်းရေး စွက်ဖက်မှုဟုဆို
DVB
·
August 26, 2022
ရိုဟင်ဂျာအရေး နိုင်ငံတကာထုတ်ပြန်ချက်များကို စစ်ကောင်စီ ကန့်ကွက်ပယ်ချ၊ ပြည်တွင်းရေး  စွက်ဖက်မှုဟုဆို
Donate to DVB

ရခိုင်ပြည်နယ်မှာ  ၂၀၁၇ ခုနှစ်၊ ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာရဲ့  တုံ့ပြန်ချက်တွေအပေါ် ပြင်းထန်စွာ ကန့်ကွက်ပယ်ချကြောင်း စစ်ကောင်စီလက်အောက်ခံ  နိုင်ငံခြားရေးဝန်ကြီးဌာနက  ဩဂုတ်  ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်နှိပ်စက်သတ်ဖြတ်မှုတွေကြောင့်  ရိုဟင်ဂျာ ၇ သန်းကျော် နေရပ်စွန့်ခွာခဲ့ရတဲ့ဖြစ်စဉ် ၅ နှစ်ပြည့်အထိမ်းအမှတ် နိုင်ငံတကာအသိုက်အဝန်းက မနေ့က ကြေညာချက်တွေ အသီးသီးထုတ်ပြန် ပြောဆိုခဲ့ကြတဲ့အပေါ် စစ်ကောင်စီဘက်က တုံ့ပြန်လိုက်တာပါ။ 

ရခိုင်ပြည်နယ်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ အဖွဲ့အစည်းတချို့နဲ့  နိုင်ငံတချို့က နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ထုတ်ပြန်တဲ့ကြေညာချက်တွေမှာ ပါရှိတဲ့ အချက်အလက်တွေဟာ မှန်ကန်မှု မရှိ၊ တိကျမှုမရှိတာ တွေ့ရပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို စွက်ဖက်တာ၊ ဘက်လိုက်မှုရှိတာ၊ တစ်ဖက်သတ်ဆန်တာတွေ့ရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ဖြစ်စဉ်ဟာ ARSA အကြမ်းဖက်အဖွဲ့က လုံခြုံရေးစခန်း ၃၀ နဲ့ တပ်ရင်း ဌာနချုပ်တစ်ခုကို  တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ရာက စတင်ခဲ့တာဖြစ်ပြီး  ဒီတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အရပ်သားတွေ သေဆုံးဒဏ်ရာရခဲ့လို့  လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဥပဒေ စည်းမျဉ်း စည်းကမ်းနဲ့ အညီတုံ့ပြန် ဆောင်ရွက်ခဲ့တာလို့ စစ်ကောင်စီကဆိုပါတယ်။

မြန်မာအစိုးရနဲ့ ပြည်သူတွေက “ရိုဟင်ဂျာ”အသုံးအနှုန်းကို အသိအမှတ်မပြု၊ လက်မခံကြောင်းနဲ့ သမိုင်းအထောက်အထားတွေမှာလည်းမရှိဘဲ ဥပဒေကြောင်းအရလည်း သုံးစွဲမှုမရှိကြောင်း၊ ဒီအမည် သုံးစွဲသူတွေဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ သုံးစွဲနေကြောင်း စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေနဲ့ တခြားတိုင်းရင်းသား လူမျိုးစုတွေ ဆယ်စုနှစ်ပေါင်းများစွာ တွေ့ကြုံခံစားနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အလွဲသုံးစားပြုမှုတွေ အပါအဝင် စစ်အစိုးရနဲ့ သူတို့ရဲ့အုပ်ချုပ်မှုအောက်မှာ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ဖို့ အီးယူ၊ ဩစတြေးလျ၊ ကနေဒါ၊ နော်ဝေ၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးတွေက ထုတ်ပြန်တိုက်တွန်းထားပါတယ်။

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်တဲ့ အကြမ်းဖက်မှုတွေဟာ လူမျိုးတုံး ရာဇဝတ်မှုမြောက်တဲ့အပေါ် လက်ရှိ စစ်ဆေးနေတဲ့ ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) သို့ တင်သွင်းလျှောက်ထားမှု အပါအဝင် ကျူးလွန်သူမှ တာဝန်ခံမှုရှိစေရေးကို လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြု ထောက်ခံကြောင်းနဲ့ မြန်မာနိုင်ငံအနေနဲ့ ICJ တရားရုံးမှ လောလောလတ်လတ် ချမှတ်ထားတဲ့ အမိန့်ကို လိုက်နာဖို့လည်း အနောက်နိုင်ငံတွေက တိုက်တွန်းပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မှာ ယာယီခိုလှုံနေကြတဲ့ မြန်မာပြည်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေအရေး ငွေကြေးထောက်ပံ့မှုအပြင် သူတို့အတွက် အဆင်ပြေမယ့် နည်းလမ်းတွေကို ပိုပြီး အားစိုက်ကူညီကြဖို့ ပန်ကြားထားပါတယ်။

Photo-MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013