DVB Logo
Home
မြန်မာသတင်း
SPGF အဖွဲ့က အတွဲလိုက်ပစ်ရသည့် ရော့ကတ်ရှော့တိုက်ဒုံးတမျိုး ထုတ်လုပ်အောင်မြင်
DVB
·
August 25, 2022
SPGF အဖွဲ့က အတွဲလိုက်ပစ်ရသည့် ရော့ကတ်ရှော့တိုက်ဒုံးတမျိုး ထုတ်လုပ်အောင်မြင်
Donate to DVB

မကွေးတိုင်း၊ ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့ (SPGF) က အတွဲလိုက်ပစ်ခတ်လို့ရတဲ့ ရော့ကတ် ရှော့တိုက်ဒုံးတမျိုး အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တယ်လို့ SPGF အဖွဲ့က ပြောပါတယ်။

အခုထုတ်လုပ်အောင်မြင်ခဲ့တဲ့ လက်နက်အမျိုးအစားကတော့ ရော့ကတ်အမျိုးအစား ရှော့တိုက်ဒုံးဖြစ်ပြီး ၄ လုံးတွဲ အတွဲလိုက်ပစ်ခတ်လို့ရသလို တတောင့်ချင်းလည်း ပစ်ခတ်လို့ရပြီး အကွာအဝေး တမိုင်ခွဲလောက်အထိ ပစ်ခတ်နိုင်တယ်လို့ SPGF ရဲ့ လက်နက်ထုတ်လုပ်ရေးတာဝန်ခံ ဗိုလ်လပြည့်က ဒီဗွီဘီကို ပြောပါတယ်။

“ကျည်ဖူးတွေကတော့ တနေ့ကို ၁၀ လုံးလောက် ထုတ်လုပ်နိုင်တယ်။ အခုရှော့တိုက်ဒုံးက အနီးကပ်တိုက်ပွဲနဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ အရင်ထုတ်လုပ်တဲ့ တာဝေးပစ် လက်နက်တွေထက် ပိုပြီးတော့ အဆင်ပြေပါတယ်။ ဒီလက်နက် ထုတ်လုပ်အောင်မြင်ဖို့အတွက် တလခွဲနီးပါး အချိန်ယူ စမ်းသပ်ခဲ့ရတယ်။ ထုတ်လုပ်တဲ့နေရာမှာလည်း ယမ်းပျော့စျေးတွေ မြင့်တက်သလို ဝယ်ယူရခက်ခဲပြီး သံပိုက်တွေ ရှာဖွေရတာလည်း မလွယ်ကူဘဲ လျှပ်စစ်မီး အခက်အခဲတွေရှိတယ်။ စစ်ကောင်စီဘက်က စစ်ကြောင်းတွေ မကြခဏထိုးနေတော့ လုံခြုံမယ်ထင်တဲ့ နေရာတွေမှာ ပုန်းကွယ်ပြီး ထုတ်လုပ်ရလို့ အန္တရာယ် အရမ်းများတယ်။”

အခုထုတ်လုပ်တဲ့ လက်နက်မှာတော့ ထိခိုက်ဒဏ်ရာရတာမရှိဘဲ အရင်ထုတ်လုပ်တာတွေမှာတော့ ကျောက်ပဲကွဲတာတို့ ဝရိန်မီးထိတာတို့ ရှိခဲ့ပြီး အခုလို ထုတ်လုပ်တာဟာ မိမိတို့တဖွဲ့တည်းအတွက်မဟုတ်ဘဲ တော်လှန်ရေးတပ်ဖွဲ့တွေက ကမ်းလှမ်းလာတာရှိလို့ ပြန်လည်မျှဝေပေးဖို့ စဥ်းစားထားတယ်လို့ ဆိုပါတယ်။

SPGF ပြန်ကြားရေးတာဝန်ခံ ဗိုလ်နဂါးလေးက “အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မြို့နယ် ပ.က.ဖ အဖွဲ့တွေဆီကလည်း ဘာလက်နက်ခဲယမ်း အထောက်အပံ့မှ မရှိသေးဘဲ ချိတ်ဆက်ပြောဆိုတုန်းပဲ ရှိသေးတာ။ ပေါက်မြို့နယ်တောင်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ ၆ ဖွဲ့လောက် ရှိနေပြီး လက်နက်ခဲယမ်းတွေက ကိုယ်ထူကိုယ်ထဆိုတော့ ရှာဖွေရတာ ခက်ခဲသလို လက်နက်စျေးနှုန်းတွေ တအားတက်နေတာဆိုတော့ အခက်အခဲတွေ အမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရတယ်” လို့ ပြောပါတယ်။

မောင်းပြန်သေနတ်တွေ၊ လက်နက်ငယ်တွေ နည်းပါးတဲ့အတွက် လက်နက်အင်အားမမျှဘဲ အနီးကပ်တိုက်ပွဲတွေ မဆင်နွှဲနိုင်လို့ အခုစမ်းသပ်ထုတ်လုပ်လိုက်တဲ့ တာဝေးပစ် လက်နက်တွေကိုသာ အသုံးပြုရမှာဖြစ်လို့ တော်လှန်ရေးအတွက် အများကြီး အထောက်အကူပြုတယ်လို့ ဆိုပါတယ်။

“အခုစမ်းသပ်ထုတ်လုပ်လိုက်တဲ့ ရှော့တိုက်ဒုံးတွေကိုလည်း ညီနောင်မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေကို ဖြန့်ဝေပေးသွားဖို့ အစီအစဥ်ဆွဲနေတယ်။ လက်နက်ထုတ်လုပ်ရေးပိုင်းမှာလည်း ထုတ်လုပ်တဲ့အချိန်မှာ ဘာမှမဖြစ်ပေမဲ့ စတင်စမ်းသပ်တဲ့ အချိန်မှာတော့ ရဲဘော်တွေအတွက် အရမ်းကို အန္တရာယ်များတဲ့လုပ်ငန်း ဖြစ်တယ်” လို့ ဗိုလ်နဂါးလေးက ပြောပါတယ်။

လက်နက်ခဲယမ်း ပစ္စည်းတွေကလည်း လိုချင်တိုင်းမရသလို လမ်းပန်းဆက်သွယ်ရေးကလည်း အဆင်မပြေ၊ စျေးနှုန်းတွေကလည်း တအားမြင့်တက်နေတဲ့အတွက် ပြည်တွင်းပြည်ပမှာရှိတဲ့ မိဘပြည်သူတွေအနေနဲ့ တော်လှန်ရေးအတွက် သွေးအေးမသွားဘဲ မိမိတို့တတ်နိုင်သ၍ ပါဝင်လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

ပေါက်မြို့နယ်ထဲမှာ PDF စိုးမိုးထိန်းချုပ်နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်း အသုံးပြုပြီး ထိုးစစ်ဆင်ကာ နယ်မြေ ပြန်လည်ထိန်းချုပ်ဖို့ အသည်းအသန် ကြိုးစားလာသလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူတာတွေ၊ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013