DVB Logo
Home
Lead Story
ဒေါ်လာကို စစ်ကောင်စီနဲ့ အပြိုင်လုနေကြတာ ဘယ်သူတွေလဲ
DVB
·
August 25, 2022
ဒေါ်လာကို စစ်ကောင်စီနဲ့ အပြိုင်လုနေကြတာ ဘယ်သူတွေလဲ
Donate to DVB

ဇူလိုင်လထဲမှာ ၆ လအတွင်း မြန်မာ့စီးပွားရေး ဦးမော့အောင် လုပ်မယ်လို့ ကြွေးကြော်ထားတဲ့ မင်းအောင်လှိုင်ဟာ တလမပြည့်မီမှာပဲ လေသံပြောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

အခုနောက်ဆုံး ပေါ်ထွက်လာတဲ့ လေသံကတော့ ၆ လအတွင်း စီးပွားရေးတည်ငြိမ်အောင် ဆောင်ရွက်နိုင်ရင် မိမိတို့အစိုးရဟာ သမိုင်းမှတ်ကျောက်တင်ခံရမယ်ဆိုတဲ့ စကားပါပဲ။ ဦးမော့အောင်လုပ်မယ်ဆိုတဲ့ စကားနဲ့ တည်ငြိမ်အောင်လုပ်မယ်ဆိုတဲ့ စကားရပ်တွေဟာ အနှစ်သာရ ကွဲပြားပါတယ်။ ဦးမော့အောင်ဆိုတာက တိုးတက်အောင် ဖြစ်ထွန်းအောင်လုပ်မယ် ဆိုတဲ့ အတက်ဘက်ကို လားရာပြစကားဖြစ်ပြီး တည်ငြိမ်အောင် လုပ်မယ်ဆိုတာက ရှိရင်းစွဲ အခြေအနေကနေ ဆုတ်ယုတ်မသွားအောင်သာ ထိန်းထားရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

ဒါဟာ မင်းအောင်လှိုင်အနေနဲ့ လက်ရှိ စီးပွားရေးအခြေအနေမှန်ကို သိနားလည်လာလို့ စကားလုံး လျှော့သွားတာ ဖြစ်ပါလိမ့်မယ်။ ဩဂုတ်လဆန်းပိုင်းမှာ ဒေါ်လာဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး ထိုးတက်ခဲ့လို့ ဒေါ်လာဆိုင်ရာ မူဝါဒကို ဗဟိုဘဏ်က အပြောင်းအလဲ လုပ်ခဲ့ရသလို စက်သုံးဆီဈေး ကျဆင်းရေးကိုလည်း ရုရှားကနေ တင်သွင်းတော့မယ်လို့ လေသံပစ် ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဩဂုတ်လ တတိယပတ်အတွင်းမှာပဲ ဒေါ်လာဈေးဟာ ပြန်တက်လာပြီး စက်သုံးဆီဈေးဟာလည်း အတက်ဘက်ကိုပဲ ဦးတည်နေပါတယ်။

“ကျနော်က စီးပွားရေးပညာရှင်တွေလို ကိန်းဂဏန်းတွေ၊ ရာခိုင်နှုန်းတွေနဲ့ အညွှန်းကိန်းတွေနဲ့တော့ မပြောတတ်ပါဘူး။ နစကရဲ့ ဒေါ်လာဆိုင်ရာ မူဝါဒ ခိုင်ခိုင်မာမာ မရှိဘဲ ပြောင်းသွားတာက မင်းကင်းမောင်မြင့်ရဲ့ ထောက်ပြချက်တွေကြောင့်လို့ ပြန်ကြားရတယ်။ မင်းကင်းမောင်မြင့် ထောက်ပြတယ် ဆိုတာကလည်း နိုင်ငံ့စီးပွားရေး ဖြစ်ထွန်းဖို့ ဆိုတာထက် သူတို့ အရင်စစ်ခေါင်းဆောင်ဟောင်းတွေရဲ့ စီးပွားရေးလုပ်ငန်းတွေပါ လုပ်ရကိုင်ရ ကြပ်လာလို့ ထပြောတဲ့ သဘောပါပဲ” လို့ ဦးခင်ညွန့်လက်ထက်က စစ်ထောက်လှမ်းရေးဟောင်းတဦးက ပြောပါတယ်။

ဗဟိုဘဏ်က တဒေါ်လာကို ၂,၁၀၀ ကျပ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပေမဲ့ ၃၁ ရက် အတွင်းမှာပဲ အရောင်းအဝယ် ပြန်လုပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့် လက်ရှိ ဈေးကွက်အတွင်းမှာ ဒေါ်လာပေါက်ဈေးဟာ ၂,၇၀၀ ကျော်နဲ့ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။

ရန်ကုန်၊ ပန်းဆိုးတန်းလမ်းအနီး အခြေစိုက်တဲ့ ဒေါ်လာပွဲစားတဦးက “ငွေဈေးကတော့ အချိန်နဲ့အမျှ ပြောင်းနေတာမို့ အတိအကျ ပြောဖို့ခက်တယ်ဗျ။ တေ့တေ့ဆိုင်ဆိုင်မှ ရောက်တဲ့အချိန် ပေါက်တဲ့ဈေး ပြောနိုင်မယ်။ ခန့်မှန်းခြေပြောပါ ဆိုရင်တော့ ၂,၇၄၅ ကနေ အတက်ဘက်ပဲ ရှိပါတယ်” လို့ ဆိုပါတယ်။

မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီဟာ နိုင်ငံ့စီးပွားရေး ဦးမော့စေဖို့ ကျပ်ဘီလီယံ ၄၀၀ ထည့်သွင်းတယ်ဆိုပြီး လုပ်ခဲ့ရာကနေ ဒေါ်လာဈေးဟာ ထိုးတက်ခဲ့ပြီး ကျပ်ငွေတန်ဖိုး အဆမတန် ကျဆင်းသွားတာပါ။

စစ်ထောက်လှမ်းရေး အရာရှိဟောင်းက “နစကက ရူးတာပေါ့ဗျာ။ ဘီလီယံ ၄၀၀ ရှိပါတယ်ဆိုပြီး အခမ်းအနားနဲ့တောင် ပေးသွားတာလေ။ ဒါမျိုးက လူမသိသူမသိ ဈေးကွက်ထဲကို မျှင်းထည့်ရမယ့်ကိစ္စ။ ငွေကြေးဖောင်းပွမှု မ‌ဖြစ်အောင် သတိထားရမယ့်ကိစ္စ။ ဦးသန်းရွှေတောင် ဒီလို မမိုက်မဲခဲ့ဘူး၊ နစကဝန်ကြီးချုပ် ရူးချက်က ကမ်းကုန်နေပြီ” လို့ ဝေဖန်ပါတယ်။

ဝေဖန်သံတွေ ညံလာမှ ဈေးကွက်ထဲကို အခမ်းအနားနဲ့ ထည့်သွင်းလိုက်တဲ့ ကျပ်ဘီလီယံ ၄၀၀ ဟာ ကိုဗစ်ရန်ပုံငွေကငွေတွေ ဖြစ်ပါတယ်လို့ စစ်ကောင်စီက ဖြေရှင်းချက် ပေးခဲ့ပေမဲ့ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းကတော့ ယုံကြည်မှုမရှိပါဘူး။

“ဘာခန့်မှန်းတွက်ချက်မှုမှ မရှိဘဲ ဝါဇီကနေ သူတို့ထင်သလို၊ လိုသလို ရိုက်ထုတ်ထားတဲ့ ငွေစက္ကူတွေဆိုတာ လူတိုင်းသိနေတဲ့ ကိစ္စပဲ။ ငွေစက္ကူတွေ ရိုက်ထုတ်ဖို့ ဥဇဘက်ကနေ စက္ကူတွေ မှာယူတင်သွင်းတာ၊ ဆေးရည်နဲ့ ဘလောက်တုံးတွေ ထပ်မှာတာတွေက ဗဟိုဘဏ် ဖရဲသီးတွေကတဆင့် ပေါက်ထွက်နေတဲ့ စီးပွားရေးလျှို့ဝှက်ချက်တွေလေ။ နစကလက်ထက်မှာ မြန်မာငွေက တန်ဖိုးမဲ့သွားပါပြီ” လို့ သွင်းကုန်ထုတ်ကုန် ကုမ္ပဏီရှင်တဦးက ပြောပါတယ်။

မင်းအောင်လှိုင်ကတော့ ၆ လအတွင်း စီးပွားရေး ဦးမော့အောင်လုပ်ဖို့၊ တည်ငြိမ်အောင် လုပ်ဖို့တွေ ပြောနေပေမဲ့ ဩဂုတ်လနှောင်းပိုင်းမှာပဲ ဒေါ်လာဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေးတွေဟာ ပြန်လည်မြင့်တက်လာပါတယ်။ စစ်ကောင်စီဟာ အခြေအနေကို ထိန်းနိုင်ဖို့ ဗဟိုဘဏ်ဥက္ကဋ္ဌကို အနားပေးပြီး ဒုဥက္ကဋ္ဌကို ရာထူးတိုးမြှင့်ခန့်အပ်တာနဲ့ ဒေါ်လာပွဲစားတွေကို စောင့်ကြည့် ဖမ်းဆီးတာတွေ လုပ်နေတာပါ။ ဒေါ်လာတင်မက ဘတ်ငွေ လဲလှယ်သူတွေကိုပါ ဖမ်းဆီးလို့ မြိတ်၊ ကော့သောင်းဘက်က ငွေကြေးလဲလှယ်သူတချို့ ဖမ်းဆီးခံထားရတာပါ။

“စစ်တပ်နဲ့ စသုံးလုံးက ကျနော်တို့ Changer တွေကိုပဲ ရန်ရှာနေတယ်။ တကယ်က ကျနော်တို့က Changer (လဲလှယ်ပေးသူ) သက်သက်ပဲ၊ Keeper (ဝယ်ယူစုဆောင်းသူ) တွေ မဟုတ်ဘူး။ Keeper တွေကို သူတို့သိရင် ရူးတောင်သွားဦးမယ်။ အဲဒါတွေကျ သူတို့ ဖမ်းရဲမှာလည်း မဟုတ်ပါဘူး။ ကျနော်တို့ကတော့ ကိုယ့် Buyer ကို ထုတ်မပြောဘူး။ ဒါတော့ သည်းခံ၊ ဒါက ကျနော်တို့ရဲ့ ကျင့်ဝတ်ပဲ” လို့ ရန်ကုန်က ဒေါ်လာပွဲစားက ပြောပါတယ်။

၎င်းက ‌Buyer တွေကို ထုတ်မပြောဘူးလို့ ဆိုပေမဲ့ အခုချိန်မှာ စစ်ကောင်စီနဲ့အပြိုင် ဒေါ်လာ စုဆောင်းနေသူတွေဟာ ယခင်စစ်ခေါင်းဆောင်ဟောင်းတွေ ဖြစ်တယ်လို့ စစ်ထောက်လှမ်းရေး အရာရှိဟောင်းက ဖွင့်ဟပါတယ်။

ထောက်လှမ်းရေးဟောင်းက “အာဏာထိန်းတာပါဆိုပြီး လုပ်နေတာက တနှစ်ခွဲ ကျော်လာပြီလေ။ မြို့ကြီးတွေကလွဲရင် ဘယ်နေရာမှ မတည်ငြိမ်ဘူး။ ဒီတော့ အရင်လူကြီးဟောင်းတွေနဲ့ သားသမီးတွေက အခြေအနေကို ရိပ်စားမိပြီ။ အကုန်လုံးက ဒေါ်လာဝယ်စုနေကြပြီ၊ နစကနဲ့ အပြိုင်ပေါ့။ ၈ လုံးကြီး (သီဟသူရတင်အောင်မြင့်ဦး) သား တေဇလေးလို့ ထိပ်သီးအသိုင်းအဝိုင်းက သိကြတဲ့ ဧရာဟင်္သာကုမ္ပဏီပိုင် တေဇာစောဦးတို့၊ ဦးအောင်သောင်းသားတွေ အကုန်ပါပဲ။ ဒေါ်လာကို အပြိုင်အဆိုင် စုနေကြတာ။ ဒေါ်လာကပဲ ဘယ်နိုင်ငံသွားနေနေ သုံးလို့ရတာလေ။ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှု‌တွေကို ဒေါ်လာအဖြစ် ပြောင်းလိုက်ပြီ။ ဒါတွေကို ဘယ်သူက ကိုင်တွယ်ရဲမလဲ၊ လမ်းစမရှိဘူး။ ဒါ့ကြောင့် ဒေါ်လာဈေးကျဖို့၊ ကုန်ဈေးနှုန်းကျဖို့ဆိုတာ ဝေလာဝေးပဲ” လို့ ပြောလိုက်ပါတယ်။

စောအဲမွန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013