DVB Logo
Home
မြန်မာသတင်း
ရန်ကုန်လူဦးရေ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေး
DVB
·
April 19, 2014
ရန်ကုန်လူဦးရေ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေး
Donate to DVB

ရန်ကုန်မြို့ လူဦးရေ ဘယ်လောက်ရှိတယ်ဆိုတာ တရားဝင်ထုတ်ပြန်တာ မရှိသေးဘဲ တမြို့နယ်ချင်းအလိုက် တက်လာတဲ့စာရင်းတွေ ပေါင်းပြီး မှန်းသန်းရေးနေကြတာ ဖြစ်တယ်လို့ ပြည်သူ့အင်အားဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။

[caption id="attachment_55071" align="alignright" width="300"] ပြည်သူ့အင်အားဦးစီးဌာနဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုး ပြည်သူ့အင်အားဦးစီးဌာနဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုး[/caption]အခု ရက်ပိုင်းထွက်ရှိလာတဲ့ ပြည်တွင်းထုတ်သတင်းစာနဲ့ ဂျာနယ်တချို့မှာ ရန်ကုန်လူဦးရေ ၇ သန်းကျော် ရှိတယ်ဆိုတဲ့ ရေးသားဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းကြည့်ရာမှာ ဒေါက်တာ ခိုင်ခိုင်စိုးက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“သူတို့ ဘယ်လိုလုပ်ပြီးတော့ လုပ်ကြသလဲတော့ ကျမလည်း မပြောတတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ စာရင်းက ကျမတိုပ လက်ထဲမှာပဲ ရှိပါတယ်။ တမြို့နယ်ချင်းက ထွက်လာတဲ့ ဂဏန်းတွေ ရှိပါတယ်။ အဲဒီ ဂဏန်းတွေကို ပေါင်းပြီး စိတ်ကူးယဉ်ပြီး ပြောကြည့်နေတာ ကျမတို့ ကိုယ်တိုင်လည်း မသိပေးပါဘူး။ ရန်ကုန်မြို့နယ်ဆိုတဲ့ နယ်နိမိတ်သတ်မှတ်ချက်ကိုလည်း ကျမတို့ အခုချိန်အထိ ဘယ်ဟာကို ရန်ကုန်နယ်နိမိတ်ဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ စည်ပင်သာယာ ဆိုရင် စည်ပင်သာယာ သပ်သပ်လုပ်ပေးရမယ်။ ရန်ကုန်မြို့တော်ဆို မြို့တော်စာရင်းပေါ့နော်။ ဒါမျိုးတွေ သပ်သပ်လုပ်ရမှာပါ။ ကျမတို့ ကိုယ်တိုင် လုံးဝ မပေါင်းရသေးပါဘူးရှင်။”

ကောက်ယူရရှိထားတဲ့ လူဦးရေ လက်ပေါင်းစာရင်းတွေကို အခုနှစ် သြဂုတ်လမှာ ထုတ်ပြန်ဖို့ရှိပြီး တရားဝင် လူဦးရေစာရင်းကိုတော့ ၂၀၁၅ ခုနှစ် ပထမ ၄ လပတ်အတွင်း ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

သန်းခေါင်စာရင်း ကောက်ယူခဲ့တဲ့ ဆရာ ဆရာမတွေရဲ့ လက်ပေါင်းစာရင်းတွေဟာ အခုအချိန်မှာ အမှားအယွင်းတွေ အများကြီး ရှိနေနိုင်သေးတယ်လို့လည်း ဆိုပါတယ်။

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၈ ရပ်ကွက်မှာနေတဲ့ သတင်းစာဆရာ ဦးမြင့်ကျော်က သူတို့ ရပ်ကွက်ထဲ သန်းခေါင်စာရင်းကောက်တဲ့နေရာမှာ စေ့စေ့စပ်စပ် ကောက်ယူသွားတာမျိုး မတွေ့ရဘူးလို့ ပြောပါတယ်။

“တချို့ အိမ်တွေက ကိုယ့်အလုပ်နဲ့ ကိုယ့်ကိစ္စမျိုးနဲ့ဆိုရင် သူတို့ ညဘက်လိုမျိုးမှာ လာမကောက်ပဲ နေ့ဘက် အိမ်မှာလည်း လူမရှိဘူးဆိုရင် မရနိုင်တာမျိုးလည်း ဖြစ်နိုင်တယ်။ တကယ့်ကို စေ့စေ့စပ်စပ် ကောက်တာမျိုးတော့ မဟုတ်ဘူး။ ကျနော်တို့ ရပ်ကွက်ထဲမှာ သိပ်အများကြီး လူအုပ်ကြီးနဲ့ သွားတာတော့ မတွေ့ဘူး။ ကျောင်းဆရာ ဆရာမတွေ ၂ ယောက် ၃၊ ၄ ယောက်လောက် သန်းခေါင်စာရင်း ကောက်တဲ့ အင်္ကျီတွေ ၀တ်ထားတယ်။ အဲဒါလောက်ပဲ တွေ့တယ် အင်အား အများကြီးတော့ မတွေ့ဘူး။”

မြန်မာပြည်မှာ သန်းခေါင်စာရင်းမကောက်ခဲ့တာ နှစ်ပေါင်း ၃၀ကျော်အကြာ ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်မှာ သန်းခေါင်စာရင်း ပြန်လည်ကောက်ယူခဲ့ပြီး ဧပြီလကုန်အထိ ဆက်လက်ကောက်ယူဖို့ ရှိတယ်လို့ ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013