DVB Logo
Home
မြန်မာသတင်း
ဘာသာမတူချစ်လို့ နတ္တလင်းမှာ အိမ်မီးတိုက်
DVB
·
April 18, 2014
ဘာသာမတူချစ်လို့ နတ္တလင်းမှာ အိမ်မီးတိုက်
Donate to DVB

ပဲခူးတိုင်း နတ္တလင်းမြို့နယ်မှာ ဘာသာမတူတဲ့ချစ်သူကို မိဘက သဘောတူ ပေမယ့် ရွာသူရွာသားတွေက သဘောမတူတဲ့အတွက် မီးရှို့အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

Nattalinနတ္တလင်းမြို့နယ် တောင်ညိုမြို့သစ် ကံစုရွာမှာနေထိုင်တဲ့ အမျိုးသမီးငယ် တဦးဟာ နတ္တမြို့ပေါ်က အမျိုးသားတဦးနဲ့ လူငယ်ချင်းချစ်ကြိုက်ရာက သူနေထိုင်ရာ အိမ်ကို အလည်အပတ် ခေါ်ခဲ့ပြီးနောက် ပြဿနာ အစပြု ဖြစ်ပွားခဲ့တာပါ။ လူငယ်အမျိုးသားဟာ မွတ်ဆလင် တဦးဖြစ်တာကို အကြောင်းပြုပြီး ကျေးရွာသားတချို့က အမျိုးသမီးဘက်ကနေ သဘောမတူ ဖြစ်ခဲ့ကြတာလို့ ဆိုပါတယ်။

ဧပြီလ ၁၅ ရက်နေ့က ပဋ္ဋိပက္ခ ဖြစ်ပွားပြီး ၁၆ ရက်နေ့မှာ အဖျက်အဆီးတွေလုပ်ခဲ့ကြလို့ နတ္တလင်းမြို့နယ် လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးပူးပေါင်း ကော်မီတီ အဖွဲ့ဝင် ဦးခင်အေးက ပြောပါတယ်။

“မိန်းကလေးတွေ ဘက်ကလည်း လိုလားတယ်။ နောက် ဒီကလေးက ပိုက်ဆံလည်း ရှိတော့။ သူတို့တွေရဲ့ စီးပွားရေးအထောက်အပံ့အတွက် လိုလားတယ်။ ရွာက သိပ်မကြိုက်ဘူး၊ သူက ကုလားကိုး။ အဲဒီလို နေရင်းနဲ့ ဧပြီ ၁၅ ရက်နေ့ ည ၉ နာရီမှာ မိန်းကလေး ဖုန်းဆက် ခေါ်တယ်။ အဲဒီလိုဖြစ်တော့ ကျနော်တို့ နတ္တလင်းမြို့ကနေပြီး ရွာကိုသွားတာပေါ့။ ရွာက မလိုလားတဲ့သူတွေက အဲဒီအိမ်ကို ၀ိုင်းပြီး အဲဒီ ကလေးကို ထုတ်ပေးဖို့ ပြောတယ်။ မရှိဘူးဆိုပြီး အိမ်က ငြင်းတာပေါ့။ ထုတ်မပေးရင် အိမ်မီးနဲ့ ရှို့မယ်ပြောတော့ ထုတ်ပေးလိုက်တယ်။ ဒါပေမယ့် ရဲကားက အချိန်မီရောက်သွားတော့ အဲဒီ ကောင်ကလေးကို ရဲကားနဲ့ ပြန်ခေါ်သွားတယ်။ ဒါပေမယ့် ရဲကား မှန်တွေ ဘာတွေ ကွဲသွားတယ်။ ကောင်ကလေးကတော့ မြို့ပေါ်ရောက်သွားတယ်။ အဲဒီမှာ ရွာခံ မိန်းကလေး မိဘတွေနဲ့ ရွာက သံဃာအချို့နဲ့ ကတောက်ကဆ ဖြစ်ကြတယ်။ ၁၆ ရက်နေ့မှာ အိမ် ၄ အိမ် အဖျက်ခံရတယ်။”

ဒီဖျက်စီးမှုတွေနဲ့ပတ်သက်ပြီး ဧပြီလ ၁၇ ရက်နေ့မှာ ပဲခူးတိုင်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းနဲ့ ဒေသအာဏာပိုင်များ ဆွေးနွေးကြပြီး မြို့ပေါ်မှာ နောက်ဆက်တွဲ ပြဿနာမဖြစ်အောင် ထိန်းချုပ်မှုတွေ လုပ်နေတယ်လို့ ပြောပါတယ်။

ဒီအကြမ်းဖက်မှုနဲ့ပတ်သက်ပြီးတော့ တစုံတရာ အရေးယူဆောင်ရွက်မှု မရှိသေးဘူးလို့ နတ္တလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ကျအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကလည်း ပဲခူးတိုင်းတွင်းက ဇီးကုန်း၊ နတ္တလင်း၊ ကြို့ပင်ကောက်၊ မင်းလှ၊ သာယာဝတီ၊ မိုးညို စတဲ့မြို့နယ်တွေမှာ ဘာသာရေးဆန်ဆန် အကြမ်းဖက်ဖျက်ဆီးမှုတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013