Home
မြန်မာသတင်း
မြဝတီ-ဝေါလေလမ်းတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က ၃ ဦးသေ၊ ကော်ဘရာ စစ်သည် ၁ ဦးကျဆုံး
DVB
·
August 22, 2022

ကရင်ပြည်နယ်၊ မြဝတီ-ဝေါလေ ကားလမ်းမပေါ်မှာ ဇူလိုင် ၂၂ ရက် ဒီမနက်က တပ်မ ၄၄ လက်အောက်ခံ စစ်ကောင်စီတပ်တွေနဲ့ ကော်ဘရာစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ရာမှာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးပြီး ကော်ဘရာစစ်ကြောင်းဘက်က ပြည်သူ့စစ်သည် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ မြဝတီ-ဝေါ်လေလမ်းမ‌၊ သုံးထပ်ကွေ့အနီး ကော်ဘရာစစ်ကြောင်း လုံခြုံရေးတာဝန်ယူထားတဲ့ နေရာတွေကို ဒီကနေ့မနက် ၉ နာရီခွဲ လောက်ကစတင်ပြီးတော့ ညနေ ၅ နာရီလောက်အထိ ကျူးကျော်ဖို့ အပြင်းအထန် ထိုးစစ်ဆင်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီလို ထိုးစစ်ဆင်ရာမှာ အကြမ်းဖက်စစ်ကောင်စီကနေ လက်နက်ကြီး ပစ်ကူအမြောက်အမြားနဲ့ စစ်မျက်နှာများစွာဖွင့်ကာ ကျူးကျော်ထိုးစစ်ဆင်နွှဲခဲ့တာမို့ ဒီကနေ့တနေ့တာလုံး ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီဘက်က ဒဏ်ရာရသူ အမြောက်အများရှိခဲ့ပြီး စိစစ်နေဆဲဖြစ်ကာ ကော်ဘရာစစ်ကြောင်းဘက်ကတော့ စစ်သည်တော် ၃ ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကော့ကရိတ်မြို့အရှေ့ဘက် တမိုင်ကျော်အကွာ ကော့နွဲရွာအနီးမှာ ကျူးကျော်ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တွေ ဒီနေ့ညနေ ၆ နာရီလောက်မှာ တိုက်ပွဲ နာရီဝက်လောက် ဖြစ်ပွားခဲ့ပြီး  ကော့ကရိတ်မြို့အခြေစိုက် ၉၇ တပ်ရင်းကနေ တိုက်ပွဲဖြစ်နေရာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့  KNLA သတင်းရင်းမြစ်ကပြောပါတယ်။

အခုသီတင်းပတ်တွေအတွင်း ကရင်ပြည်နယ် အရှေ့ဘက် ကော့ကရိတ်မြို့တိုက်ပွဲနဲ့ မြဝတီမြို့တောင်ဘက်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က အကျဆုံးများနေပြီး  စစ်ကောင်စီဘက်မှ တိုင်းမှူးအသစ် အပြောင်းအလဲလုပ်ထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က နောက်ဆုံးထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်နေပြီး ဇူလိုင် ၇ ရက်ကနေ ဩဂုတ် ၆ ရက်အထိ  တစ်လတာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ၂,၁၅၁ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်း တိုက်ပွဲဖြစ်ပွားမှုအနေနဲ့ ကရင်ပြည်နယ်မှာ ၂၁၉ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၂၀၂ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းကတော့ ဗုံးပေါက်ကွဲမှု ၇၄ ကြိမ်နဲ့ အများဆုံးဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည် အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024